အဲဗာတန်ပွဲမှာ ဒဏ်ရာသွားတဲ့ ဂျွန်စတုန်းနဲ့ ဟာလန်း၊ ဒီဘရိုင်းတို့ရဲ့ ကြံ့ခိုင်မှု နောက်ဆုံးရ အခြေအနေ

မန်စီးတီးဟာ အဲဗာတန်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား စတုတ္ထနေရာမှာ ပြန်ရပ်တည်နေပြီး ဇယားထိပ်က လီဗာပူးထက် ၁ ပွဲလျော့ကစား ၅ မှတ် အကွာမှာ ရှိနေပါတယ်။

အဆိုပါပွဲမှာ သတင်းဆိုးအဖြစ် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲပဲ ပါဝင်နိုင်ထားတဲ့ ဂျွန်စတုန်း ထပ်မံ ဒဏ်ရာရခဲ့ပြန်ပြီ ဖြစ်ပါတယ်။

‘ အခြေအနေက သိပ်ကောင်းမယ်လို့တော့ မမြင်ဘူး ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ သူ့ရဲ့ ခြေကျင်းဝတ်ကို ထိခိုက်ခဲ့တာပါ ’ လို့ ပွဲအပြီးမှာ Amazon Prime ကနေ ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျွန်စတုန်းရဲ့ ဒဏ်ရာက ဘယ်လောက်ကြာကြာ အနားယူရမယ် သူမသိကြောင်း ထပ်ပြောပါတယ်။

‘ တခါတလေ ဒီလိုဘောလုံးရာသီမျိုးလည်း ရှိတတ်ပါတယ်။ အခြေအနေ ဆိုးသထက် ပိုဆိုးလာတာမျိုးပေါ့။ ဒဏ်ရာက သိပ်မပြင်းထန်ဖို့နဲ့ သူမကြာခင် ပြန်လာဖို့တော့ မျှော်လင့်ပါတယ် ’ လို့ ပြောခဲ့ပါတယ်။

ဟာလန်းက အခုချိန်ထိ တစ်ဦးတည်း လေ့ကျင့်နေဆဲဖြစ်ပေမယ့် ဒီဘရိုင်းကတော့ ပြန်လာဖို့ နီးစပ်နေပြီလို့ ဂွာဒီယိုလာက ပြောပြပါသေးတယ်။ ဒီဘရိုင်းက ရာသီစတည်းက လွဲချော်နေတာဖြစ်ကာ ဟာလန်း မကစားနိုင်တာကတော့ ၃ ပွဲ ရှိနေပါပြီ။

‘ ဟာလန်း တစ်ဦးတည်း လေ့ကျင့်နေပါတယ်။ သူ ပိုပိုတော့ ကောင်းလာနေပြီး အသင်းနဲ့ လေ့ကျင့်ရေးခြင်း မရှိသေးပါဘူး။ ကယ်ဗင်ကတော့ အသင်းနဲ့ လေ့ကျင့်နေပြီး ပြန်ကစားနိုင်ဖို့ နီးနေပါပြီ ’ လို့ ဂွာဒီယိုလာက ပြောသွားခဲ့ပါတယ်။