မန်စီးတီးပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်စွာ ဝေဖန်သွားတဲ့ အဲဗာတန်နည်းပြ
အဲဗာတန် ၁-၃ မန်စီးတီးပွဲမှာတော့ အဲဗာရက်စ် သွင်းယူခဲ့တဲ့ ပင်နယ်တီဟာ မပေးသင့်တဲ့ ဖြစ်ရပ်ကနေ ဒိုင်တွေက မန်စီးတီးကို ပေးသွားခဲ့တာလို့ အဲဗာတန်နည်းပြက ပေါက်ကွဲလိုက်ပါတယ်။
အကီရဲ့ ကန်ချက်ကို အဲဗာတန် ကွင်းလယ်လူ အိုနာနာ ပိတ်ကာခဲ့ရာမှာ လက်ထိမှုဖြစ်ခဲ့တာကြောင့် စည်းကြပ်ဒိုင်က အလံထောင်ခဲ့တာပါ။ နောက်ဆုံးမှာ ကွင်းထဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူကာ VAR ကပဲ ပင်နယ်တီ ပေးခဲ့ပါတယ်။
အဲဗာတန်နည်းပြ ဆမ်ဒိုက်က စိတ်ဆိုးစွာဖြင့် ‘ ဒါက ပင်နယ်တီ မဟုတ်ဘူးဆိုတာ ကျနော်တို့ ကြိုက်တဲ့နေရာမှာ ငြင်းလို့ရတယ်။ မန်နေဂျာအစည်းအဝေးတွေမှာ ဒါကို ပြောခဲ့ကြပြီးပြီ။
အိုနာနာက ပင်ကိုယ် ကိုယ်နေဟန်ထားဖြစ်ပါတယ်။ ဘောလုံးကို ကာကွယ်ဖို့ လက်ကို ဆန့်တန်းထားတာ မဟုတ်ပါဘူး။ သူက ခုန်ဝင်ပြီး ဘောလုံးကို ပိတ်ကာဖို့ ကြိုးစားခဲ့တာ။ ဘယ်လိုလုပ်ပြီး ပင်နယ်တီ ပေးလိုက်တာလဲ၊ လုံးဝ လက်မခံနိုင်ပါဘူး။
၁၈ ကိုက်လောက် အကွာက စည်းကြပ်ဒိုင်ကလည်း ဒါကို ပင်နယ်တီပါတဲ့။ သူတောင်ပေးမှတော့ အခြား ဘယ်သူတွေ ပေးချင်သေးလဲ ကျနော် မသိတော့ဘူး။ တစ်ယောက်ယောက်ကတော့ ဒါမျိုး အခြေအနေဟာ ပင်နယ်တီ မပေးသင့်ကြောင်း ဦးဆောင် ဆွေးနွေးဖို့ လိုနေပါပြီ ‘ လို့ ငြင်းခုံသွားခဲ့ပါတယ်။
အိုနာနာရဲ့ အနေအထားက တမင် လက်ကို ဆန့်ထားခြင်း မဟုတ်ဘူးလို့ ငြင်းခုံနေပေမယ့် ဂိုးရှေ့မှာ ဒီလိုဖြစ်ရပ်ကတော့ ပင်နယ်တီ ပေးရမှာပဲဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဟောင်း မက်ကလန်တန်ဘက်ကလည်း ‘ အဲ့ဖြစ်ရပ်က ပွဲကို ပြောင်းလဲစေခဲ့တဲ့ ဆုံးဖြတ်ချက်ကြီးပါပဲ။ လက်ကို ဆန့်တန်းထားပြီး ဂိုးကန်ချက်ကို ကာကွယ်မယ်ဆိုရင် ဘောလုံးကို ပိတ်ကာဖို့ ကြိုးစားမယ်ဆိုရင်တော့ ဒိုင်လူကြီးတွေက အမြဲတမ်း ပင်နယ်တီ ပေးမှာပါပဲ။ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။