ဂန်ဒိုဂန် နဲ့ မာရက်ဇ် မရှိတော့တဲ့နောက် မန်စီးတီးရဲ့ မျှော်လင့်ချက်ဖြစ်လာတဲ့ ကစားသမားလေးကို ဝေါ်ကာ တောင်းဆို

မန်စီးတီးအသင်းခေါင်းဆောင် ကိုင်လီဝေါ်ကာက အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ ဖိုဒန်ကို ပိုပြီးတည်ငြိမ်မှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၂၃ နှစ်သားဟာ ဒီရာသီတိုက်စစ်မှူးနောက်မှာ ပိုကစားခွင့်ရနေတာဖြစ်ပြီး အသင်း အတွက် ၉ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူရဲ့ မကြာခဏ အခွင့်အရေး ဖြုန်းတီးမှုတွေကို နည်းပြဂွာဒီယိုလာက မကြာခဏ ဝေဖန်ထားတာ ဖြစ်ပါတယ်။

“ ဖီးလ်က မယုံကြည်နိုင်စရာ ကောင်းပါတယ်။ သူ့မှာထိပ်တန်းအဆင့် အရည်အချင်းမျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နည်းပြ နဲ့ အသင်းဘက်က ကူညီပေးဖို့ လိုအပ်ပါတယ်။ ဖီးလ်အနေနဲ့ တည်ငြိမ်မှုပိုရှိလာဖို့လည်း လိုအပ်ပါတယ်။

ဒီရာသီမှာ သူက ပိုတောက်ပလာတယ်လို့ မြင်မိသလို တာဝန်ယူမှုလည်း ပိုရှိလာပါတယ်။ ဂန်ဒိုဂန် နဲ့ မာရက်ဇ်တို့ ထွက်သွားပြီး ဒီဘရိုင်း မရှိချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်ကို ပိုမြင်လာရပါတယ်။ အဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံး သူဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဝေါ်ကာက ပြောကြားခဲ့ပါတယ်။

ဖိုဒန်ဟာ ဂွါဒီယိုလာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အသင်းအတွက် ၁၅၆ ပွဲမှာ ၆၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

“ သူ့ရဲ့စွမ်းဆောင်ရည်ကို အားလုံး မြင်နိုင်ပါတယ်။ သူ့အနေနဲ့ စွမ်းဆောင်ရည်တွေကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုမှပဲ သူ့အတွက် နေရာတစ်နေရာရလာမှာပါ ” လို့ ဝေါ်လ်ကာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

စီးတီးအသင်းဟာ အဲဗာတန်နဲ့ပွဲအပြီး လာမယ့်စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။