မန်စီးတီး၊ အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလားနဲ့ ပတ်သက်လို့ သတိပေးလာတဲ့ လီဗာပူးနည်းပြကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က Boxing Day နိုင်ပွဲကြောင့် ဇယားထိပ် တက်နိုင်ခြင်းကို ပျော်ရွှင်နေပြီး မန်စီးတီး၊ အာဆင်နယ်တို့ ဒီရှေ့မှာ ဖိအားတွေ ပေးလာတော့မှာကို သိရှိထားပါတယ်။

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပြန်ရောက်လာပြီဖြစ်တဲ့ စီးတီးဟာ ပရီးမီးယားလိဂ်ကို အာရုံစိုက်လာတော့မှာပါ။ ဖလားပြိုင်ဆိုင်မှုအကြောင်း မေးခံရချိန်မှာ လက်ရှိ အဆင့်ကနေ အကျခံတော့မှာ မဟုတ်ဘူးလို့ ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးမှာ လီဗာပူး ရှိနေခြင်းကိုတော့ ” သိပ်ကောင်းပါတယ် ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့တယ်။ မကြာခင်မှာပဲ ထိပ်ဆုံးနေရာအတွက် အကျိတ်အနယ် ယှဉ်ပြိုင်ရမှုတွေ ရှိလာမှာဖြစ်ပေမယ့် လီဗာပူးအသင်းက လုံးဝ လက်လျော့မှာ မဟုတ်ကြောင်း အသိပေးပါသေးတယ်။

ကလော့ပ်က ” ကျနော်တို့ လုံးဝ လက်လျော့သွားတော့မှာ မဟုတ်ပါဘူး။ အခု ၄၂ မှတ်ရထားပါပြီ။ ကျေနပ်တယ်၊ နှစ်သက်မှုရှိတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးရာသီ ပထမနှစ်ဝက်က ပြီးသွားပြီလေ။

ပထမရာသီဝက်မှာ ပြီးပြည့်စုံနေတာ မဟုတ်ပေမယ့် ကျနော်တို့ မှန်မှန်ကန်ကန် လုပ်နိုင်ခဲ့တယ်။ ရမှတ်တွေကို ဆက်ယူရပါမယ်။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။