အလဲလဲ အပြိုပြို ခုခံရင်း အညှာအတာကင်းတဲ့ ချန်ပီယံများရှင် စီးတီးကို ဒူးထောက်လိုက်ရတဲ့ ရှက်ဖီး

မန်စီးတီးအသင်းဟာ ရှက်ဖီးပွဲ မတိုင်ခင် အီတီဟက်မှာ ဖလား ၅ လုံး ချပြသွားပြီး ရှက်ဖီးကို ၂-၀ ဖြင့် သက်တောင့်သက်သာနဲ့ အနိုင်ယူသွားပါတယ်။
ဒီပွဲမှာ နည်းပြဂွာဒီယိုလာက ဖိုဒန်နဲ့ အဲဗာရက်စ်ကို ဆက်လက် ယုံကြည်မှု ပေးခဲ့ပါတယ်။ ဒီလူငယ် နှစ်ဦးဟာ ရိုဒရီ၊ ဘာနာဒိုတို့နဲ့ ပေါင်းပြီး ရှက်ဖီးကို အညှာအတာကင်းကင်း ကစားခဲ့ပြီး ကြောက်စရာကောင်းလောက်တဲ့ ပွဲထိန်းချုပ်နိုင်စွမ်းကို ပြသခဲ့တယ်။
ပထမပိုင်းမှာ ရိုဒရီက ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကနေ အဲဗာရက်စ်က ဒုတိယဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လူငယ်ကစားသမား တချို့ကိုပါ ဂွာဒီယိုလာက ထုတ်သုံးသွားခဲ့ပြီး ပွဲကျပ်ကာလမှာ ရသလောက်တော့ အကျိုးရှိအောင် လုပ်နိုင်ခဲ့ပါသေးတယ်။
ပွဲကို ပြတ်ပြတ်သားသား ထိန်းချုပ်ပြနိုင်ခဲ့ကာ လီဗာပူးနဲ့ အာဆင်နယ်ကို ဖိအားပေးဖို့အတွက် မန်စီးတီးက အနိုင်ရအောင် သေချာလေး ကန်သွားခဲ့ပါတယ်။ ရှက်ဖီးတို့က စီးတီးကို ထိတ်လန့်နေခဲ့ကြသလို ဖိုဒန်တို့ရဲ့ ထိုးဖောက်မှုကို လိုက်လံ ကာကွယ်ရင်း အလဲလဲ အပြိုပြို ဖြစ်နေကြတာမို့ ရင်ဆိုင်ရ လွယ်ကူခဲ့ပါတယ်။
စီးတီးရဲ့ အညှာအတာကင်းတဲ့ ကစားဟန်ကို ဒီပွဲမှာ မြင်ခဲ့ရပြီး မန်စီးတီးခြေထဲမှာပဲ ဘောလုံးရှိနေတဲ့ထိ ပွဲက လုံးဝကို တဖတ်သတ် ကစားနေခဲ့တာပါ။ ရှက်ဖီးအတွက်ကတော့ ၂-၀ လောက်နဲ့ပဲ ရှုံးခဲ့တာအတွက်ကို ပျော်နေသင့်တာ ဖြစ်ပါတယ်။
ရှက်ဖီးကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အိမ်ကွင်း (၃)ပွဲဆက်တိုက် သရေကျထားမှုကိုပါ အဆုံးသတ်ခဲ့တဲ့ မန်စီးတီးဟာ အခုဆိုရင် ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။