ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ မန်စီးတီး ထိပ်ဆုံး ပြန်ရောက်လာတဲ့ စူပါကွန်ပြူတာ တွက်ချက်မှု
မန်စီးတီးဟာ အဲဗာတန်၊ ရှက်ဖီးတို့ကို ဆက်တိုက် အနိုင်ယူခဲ့တဲ့နောက် ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
နာမည်ကျော် Opta အဖွဲ့ရဲ့ စူပါကွန်ပြူတာက ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ အစပိုင်းမှာ ဗိုလ်စွဲဖို့ရာခိုင်နှုန်း ၃၉.၃ % သာရှိခဲ့တဲ့ မန်စီးတီးဟာ ယခုအခါ ၅၅.၁ % မြင့်တက်လာပြီဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။
အစောပိုင်း ရေပန်းစားနေတဲ့ အာဆင်နယ်အသင်း ဗိုလ်စွဲနိုင်ခြေဟာ ၁၅% ထိ ပြန်ကျဆင်းသွားပါတယ်။ အာဆင်နယ်အသင်းဟာ ဒီဇင်ဘာလ ၁၈ ရက်တုန်းက ဗိုလ်စွဲနိုင်ခြေ ၂၉.၉ % ရှိခဲ့ပေမဲ့ လီဗာပူး၊ ဝက်စ်ဟမ်း ပွဲတွေမှာ ရမှတ် ထိခိုက်ခဲ့တာကြောင့် အခုအချိန်မှာ ၁၅.၃ % သာရှိပါတော့တယ်။
ပရီးမီးယားလိဂ်မှာ စံချိန်တင်အဖြစ် ၄ ရာသီဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း အာဆင်နယ်ရဲ့နောက်မှာ ရက်တော်တော်ကြာ ရပ်တည်ခဲ့ရပေမဲ့ ရာသီကုန်ချိန်မှာတော့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့ပါတယ်။
အခုလောလောဆယ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းရဲ့ ဗိုလ်စွဲနိုင်ခြေက မြင့်တက်လာပြီး အရင်က ၂၃.၆ % သာရှိတာကနေ အခု ၂၇.၃ % ရှိလာပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ စပါးအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အသင်းကြီးတွေထဲမှာ ရှုံးပွဲအနည်းဆုံးဖြစ်သလို စပါးနဲ့ပွဲ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ၁၂ ပွဲဆက်တိုက်မရှုံးတော့ဘဲ ၇ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့ပါတယ်။
