ဂရီလစ်ချ်အိမ်ကို ဖောက်ထွင်းသူတွေ ဝင်ရောက်ခဲ့တဲ့နောက် ကစားသမားတွေ လူမှုကွန်ယက် လျော့သုံးဖို့ ဂွာဒီယိုလာ သတိပေး

မန်စီးတီးအသင်း တောင်ပံကစားသမား ဂရီးလစ်ရှ်ရဲ့ နေအိမ် ဖောက်ထွင်းခံရမှုဖြစ်ပွားပြီး ပေါင် ၁ သန်းတန်ဖိုးရှိသည့် လက်ဝတ်ရတနာများ ခိုးယူခံခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက် အဲဗာတန်-မန်စီးတီးပွဲကစားနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီနှင့် လက်ဝတ်ရတနာများ ခိုးယူခံခဲ့ရပါတယ်။ အဲ့အချိန် အိမ်ထဲမှာ ဂရီးလစ်ရှ်ရဲ့ ချစ်သူအပါအဝင် မိဘနှစ်ဦးနှင့် ဆွေမျိုးစုစုပေါင်း ၁၀ ဦး နေအိမ်တွင်ရှိနေခဲ့ကြတာပါ။

၎င်းတို့အားလုံး မန်စီးတီးအသင်း ပွဲစဉ်ကို ရုပ်သံမှကြည့်နေစဉ် အပေါ်ထပ်မှ ဆူညံသံများ ကြားခဲ့ရာက ဖောက်ထွင်းခံရပြီဆိုတာ သိရှိခဲ့ပါတယ်။ အိမ်သား အားလုံးက ကြောက်လန့်တကြား ပုန်းအောင်းခဲ့ရသလို ရဲအဖွဲ့က အိမ်အနီးကို လုံခြုံရေးပါ ယူပေးခဲ့ရပါတယ်။

ဘောလုံးပွဲကို မိသားစုဝင် အားလုံး အိမ်အောက်မှာ ကြည့်နေကြစဉ် အဆိုပါကိစ္စ ဖြစ်ခဲ့တာဖြစ်ကာ ဖောက်ထွင်းသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရီလစ်ချ်တို့ မိသားစုတွေ အဆိုပါနေရာကို ပြောင်းလာတာ သိပ်မကြာသေးတာမို့ နယ်မြေအခြေအနေ သေချာမသိကြဘူးလို့ သိရတယ်။

ဂွာဒီယိုလာကပဲ “ကစားသမားတွေဆီမှာလည်း လုံခြုံရေးတွေရှိပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီကိစ္စက ဖြစ်ပျက်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားတွေလည်း ဒါမျိုးဖြစ်ခဲ့ဖူးပါတယ်။ လန်ဒန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့ တော်တော်လေး ဂရုစိုက်ရတော့မှာပါ။

ဆိုရှယ်မီဒီယာကို သိပ်မသုံးတာ ကောင်းပါတယ်။ သူတို့တွေက ခင်ဗျား ဘာလုပ်နေတယ်ဆိုတာကို မသိလေ ပိုကောင်းလေပါပဲ။ လူတွေက ခင်ဗျား ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်ဆိုတာကို စောင့်ကြည့်နေကြတာပါ ” လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။