မန်စီးတီးအကြောင်း ကောင်းကောင်းကြီး သိထားတဲ့ ဗန်ဒိုက်က ဖလားအကြောင်း ပြောဖို့ ပယ်ချ

လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ဇယားထိပ်မှာ ရှိနေပေမယ့် ပြိုင်ဘက်အသင်းတွေရဲ့ ရလဒ်တွေကို လိုက်ကြည့်မနေဘဲ ပွဲတွေကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ပဲ စဉ်းစားထားကြောင်း ပြောလာပါတယ်။

ဒီကာလတွေအတွင်း မန်စီးတီးက အဲဗာတန်၊ ရှက်ဖီးတို့ကို အနိုင်ယူခဲ့ကာ လီဗာပူးနဲ့ ၂ မှတ်အကွာထိ ပြန်ချဉ်းကပ်လာနေပါပြီ။ တချိန်တည်းမှာ အာတီတာရဲ့ အာဆင်နယ်ကတော့ ရမှတ်တွေ ဆက်တိုက် ထိခိုက်နေတာမို့ အဆင့် ၄ ထိ ကျဆင်းသွားပါတယ်။

ဗန်ဒိုက်ကပဲ “ နှစ်သစ်ကူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်း မတိုင်ခင် အားလပ်ရက် ၂ ရက်ကို မိသားစုနဲ့ပဲ ကောင်းကောင်းအချိန်ကုန်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေ အကြောင်း လုံးဝ စိတ်မဝင်စားပါဘူး။ ဘောလုံးပွဲတွေတောင် မကြည့်ခဲ့ပါဘူး။ မိသားစုနဲ့ပဲ အချိန်ပေးဖြစ်ခဲ့ပါတယ် ” လို့ ပြောပြခဲ့တယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစား ၃ သင်းထဲက တစ်သင်း ဖြစ်လာခဲ့ပေမယ့် စီးတီးလို အသင်းနဲ့ ယှဉ်ပြိုင်နေရတာမို့ ဖလားအကြောင်း မပြောလိုကြသေးပါဘူး။

“ ဒီအခြေအနေမှာ ပရီးမီးယားလိဂ်ကို အနိုင်ယူဖို့အကြောင်း ကျနော် မပြောပါဘူး။ အသင်းက ဘယ်သူကမှ ဒီအကြောင်း ပြောနေကြမယ်လို့လည်း မထင်မိဘူး။ ဘာမဆိုဖြစ်သွားနိုင်တဲ့ အတွေ့အကြုံ ကျနော်တို့မှာ ရှိထားပါတယ်။

ကျနော်တို့ ခြေစွမ်းတည်ငြိမ်နေအောင်ပဲ ကြိုးစားပါမယ်။ အတိတ်တုန်းက အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့အတိုင်း ရောက်လာမယ့် ပွဲတွေကို အနိုင်ယူဖို့ပိုပဲ ဦးစားပေးရမယ်ဆိုတာ ကျနော်တို့ သိပါတယ် ” လို့ ဗန်ဒိုက်က ပြောပြသွားတာ ဖြစ်ပါတယ်။