ပရီးမီးယားလိဂ်မှာ မန်စီးတီးထက် ပိုကောင်းတာ တစ်သင်းပဲ ရှိတယ်လို့ ဂွာဒီယိုလာ ထုတ်ဖော်

ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အနိုင်ယူပြီး အင်္ဂလန်ထံ ပြန်ရောက်လာတဲ့ မန်စီးတီးဟာ အဲဗာတန်၊ ရှက်ဖီးတို့ကို ဆက်တိုက် အနိုင်ယူကာ ဇယားထိပ်က လီဗာပူးကို ဖိအားပေးလာနေပါပြီ။
နှစ်သင်းကြား ကွာဟချက်က ၂ မှတ်ပဲ ရှိတော့တာဖြစ်ကာ ပရီးမီးယားလိဂ်ရဲ့ အရှိန်အဝါ အကြီးမားဆုံး နည်းပြနှစ်ဦးရဲ့ တစ်ကျော့ပြန် ယှဉ်ပြိုင်မှုကို ပြန်လည် မြင်တွေ့လာရဖို့ ရှိနေပါတယ်။
အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အက်စတွန်ဗီလာ၊ အာဆင်နယ်၊ စပါးတို့ကို ဖယ်ထုတ်လို့ မရသေးဘူး ဆိုပေမယ့်လို့ နည်းပြဂွာဒီယိုလာကတော့ ဒီရာသီ သူတို့ရဲ့ အဓိက ယှဉ်ပြိုင်ဘက်အဖြစ် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလို့ပဲ မြင်နေပါတယ်။
ဂွာဒီယိုလာကပဲ ” ပြိုင်ဆိုင်မှုတွေဟာ အကျိတ်အနယ် ရှိပါတယ်။ ကျနော်တို့က အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိမနေပါဘူး။ လီဗာပူးက ပိုကောင်းကောင်း လုပ်ထားနိုင်တာပါ။
ကျနော်တို့မှာ ဒဏ်ရာ ကိစ္စလေးတွေ ရှိနေပါတယ်။ အချို့သော ပြဿနာတွေလည်း ရှိနေတယ်။ ကျနော်တို့ ဆုဖလားတွေ အနိုင်ရခဲ့ပြီး ခြေစွမ်းပိုင်း ကောင်းမွန်တယ်လို့ ပြောရပါမယ်။ အခုချိန်မှာ အားလုံးကို လိုအပ်ပါတယ်။
ဇန်နဝါရီဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေကထက်တော့ ပွဲစဉ်ဇယား ပြင်းထန်မှု လျော့သွားတာမို့ နောက်လာမယ့် ပွဲစဉ်တွေအတွက် ကျနော်တို့ အကောင်းဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ် ” လို့ သတိပေးသွားတာပဲ ဖြစ်ပါတယ်။