ဘာစီလိုနာအတွက် မန်စီးတီး ကစားသမား ၂ ဦးကို ခေါ်ယူလို့ အတူတွဲကစားလိုနေတဲ့ ကွင်းလယ်လူ ပတ်ဒရီ
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ပတ်ဒရီကတော့ မကြာခင်မှာ အသင်းနဲ့ လမ်းခွဲနိုင်တဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် ကစားသမားကို ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။
နည်းပြဇာဗီ ကိုင်တွယ်နေတဲ့ ဘာစီလိုနာဟာ လာလီဂါမှာ ရုန်းကန်ရမှုတွေ ရှိနေတာဖြစ်ကာ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာပါ။ ဒါပေမယ့်လို့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် သူတို့ လူသစ်ရဖို့ မသေချာသေးပါဘူး။
ပတ်ဒရီက အသင်းဖော် လီဝန်ဒေါစကီး မရှိတော့ရင် ဘယ်လို တိုက်စစ်သမားနဲ့ တွဲကစားလိုလဲ ဆိုတာနဲ့ ပတ်သက်လို့ ယခုလို ပြောဆိုလာခဲ့ပါတယ်။
“ လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့အတွက်ဆိုရင် ဟာလန်းကိုပဲ ကျွန်တော် ရွေးချယ်မိပါမယ်။ လီဝန်က ကျွန်တော်တို့နဲ့အတူ အသက် (၆၀)လောက်အထိ အတူ ကစားနိုင်မှာ မဟုတ်တော့လေ။
ဘာစီလိုနာအတွက် ကစားသမားတစ်ယောက်သာ ခေါ်ခွင့်ရမယ်ဆိုရင်တော့ ကျွန်တော်က ဟာလန်းကိုပဲ ရွေးမိမယ်။ နောက်ပြီး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကိုလည်း သဘောကျမိတယ်။” လို့ ပတ်ဒရီက ပြောဆိုသွားခဲ့ပါတယ်။