ကွင်းထဲ ခြေမချခင်မှာတင် အင်္ဂလန် ဘောလုံးလောကကို လှုပ်ခါသွားစေတဲ့ မန်စီးတီး ကစားသမားကို ကလော့ပ် ဖော်ထုတ်

၂၀၂၄ မှာ ယှဉ်ပြိုင်ရတဲ့ ပထမဆုံး ပွဲစဉ်အဖြစ် နယူးကာဆယ်ကို ၄-၂ ဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် နည်းပြကလော့ပ်က မန်စီးတီးကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

မကြာသေးခင်ကပဲ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် အင်္ဂလန်ကို ပြန်ရောက်လာကာ နိုင်ပွဲတွေ ဆက်တိုက် ယူပြလာခဲ့တာပါ။ ဒါ့အပြင် ရာသီစတည်းက ကာလရှည် ဒဏ်ရာရနေတဲ့ ဒီဘရိုင်းကလည်း ကွင်းဘေးမှာ ပြေးလွှားနေခဲ့ပါပြီ။

ဒီဘရိုင်းဟာ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒဏ်ရာရခဲ့သူဖြစ်ကာ ရာသီစ ဘန်လေပွဲမှာ ၂၃ မိနစ် ကစားခဲ့ပြီးတည်းက ကာလရှည် နားနေရသူ ဖြစ်ပါတယ်။ သူပြန်လာနိုင်ခြင်းဟာ မန်စီးတီးရဲ့ ဒုတိယရာသီဝက်အတွက် အတော်လေး အကူအညီဖြစ်လာစေပါလိမ့်မယ်။

အန်ဖီးကွင်းမှာ ၄-၂ နိုင်ပွဲအပြီး ဇယားထိပ် ရောက်ရခြင်းအတွက် ကလော့ပ်ကတော့ ” နယူးကာဆယ်ကို အနိုင်ရလိုက်တာ အကောင်းမြင်စရာတွေချည်းပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေက အာဆင်နယ်တို့ ရှေ့ပြေးနေစဉ်မှာ ဒီနေ့လို မေးခွန်း သွားမေးရင် ပရီးမီးယားလိဂ်ဖလားက သူတို့အတွက်လို့ပဲ ပြောရမှာပါပဲ။

အခုဆိုရင် မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက သွေးပူလေ့ကျင့်ရေး ပြန်လုပ်လာနိုင်ပါပြီ။ သူပြန်လာတာနဲ့တင် အင်္ဂလန်တစ်နိုင်ငံလုံး စတင် လှုပ်ခတ်လာနေရပါပြီ ” လို့ ဟာသနှောပြီး ပြောခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူး၊ မန်စီးတီးကြား ပြိုင်ဆိုင်မှု ပြန်လည် ဖြစ်ပေါ်လာမယ် ယူဆနေကြပြီး ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး ကလပ် နှစ်သင်းဟာ ဆုဖလားတွေအတွက် နောက်ထပ် တစ်ကြိမ် ထိပ်တိုက်တွေ့လာတော့မှာ ဖြစ်ပါတယ်။