မန်စီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်း အဖြစ်က ဖယ်ရှားခဲ့တဲ့ ပြိုင်ဘက်ဟောင်းကြီး
ဂယ်ရီနဗီးကတော့ ဒီရာသီကုန်ရင် ပရီးမီးယားလိဂ်ကို ခရစ္စမတ်ကာလ ချန်ပီယံဖြစ်တဲ့ အာဆင်နယ်ကပဲ ရယူသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားကာ ဇယားထိပ်ကနေ အဆင့် ၄ နေရာထိ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဇယားထိပ်က လီဗာပူး၊ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ မန်စီးတီးတို့ကို ယှဉ်ပြိုင်နိုင်ပါ့မလား သံသယတွေ ဝင်လာနေကြပါတယ်။
ဂယ်ရီနဗီးကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဟာ အာဆင်နယ်ဖြစ်လာလိမ့်မယ် ခိုင်ခိုင်မာမာ ယုံကြည်နေတယ်။ လက်ကျန် ၁ ပွဲကစားပြီးရင် စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ကာ လီဗာပူးနောက် ဒုတိယနေရာက ဖိအားပေးနေမှာ ဖြစ်ပေမယ့် သရဲနီဟောင်းက သူ့အမြင်ကို မပြောင်းလဲလိုပါဘူး။
ဂယ်ရီနဗီးကပဲ ‘ ကျနော်ရဲ့ ချန်ပီယံ ခန့်မှန်းကို မပြောင်းလဲနိုင်ပါဘူး။ အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မြင်ထားတာကို ဖယ်ထုတ်လိုက်လို့ လုံးဝ မရပါဘူး။
သူတို့ကို ကျနော် စိတ်ပျက်ပါတယ်။ သူတို့ဘာသာလည်း စိတ်ပျက်နေမှာဖြစ်သလို ကုန်ခဲ့တဲ့ ၂ ပတ်လောက်က ခြေစွမ်းတွေအတွက် အာဆင်နယ်ပရိသတ်တွေကလည်း သူတို့ အသင်းကို စိတ်ပျက်နေကြမှာပါ။ သိပ်ကောင်းတဲ့ အခွင့်အရေးကို သူတို့ဘာသာ လက်လွတ်လိုက်ကြတာပါ။
သူတို့က ပရီးမီးယားလိဂ်ကို အနိုင်ရမယ်လို့ ပြောလို့ရတဲ့ အနေအထား မဟုတ်ပေမယ့် ပြီးခဲ့တဲ့ အပတ်တွေမှာ သူတို့ကစားခဲ့တဲ့ ပွဲတွေကြောင့် အမှတ်ပေးဇယားမှာ ၄-၅ မှတ် ကွာဟလာတာပါ။
အာဆင်နယ်က ခက်ခဲတဲ့ ကာလတစ်ခုကို ရောက်နေပေမယ့် သူတို့ ပရီးမီးယားလိဂ်ကို အနိုင်ရနိုင်နေပါသေးတယ် ‘ လို့ ဆက်လက် ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။
