ဟာလန်းနဲ့ အပြောင်းအရွှေ့ သတင်းတွေကြောင့် သိမ်ငယ်စွာဖြင့် ဝန်ခံစကား တစ်ခွန်း ပြောဆိုတဲ့ ဇာဗီ

ဘာစီလိုနာဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ရေး ဟာလန်းကို ခေါ်ယူလိုကြောင်းနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မှတ်ထိုးနိုင်မယ့် ဘာပေကိုလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြဇာဗီကတော့ သူတို့အသင်းဟာ လတ်တလောမှာ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် အမ်ဘာပေ ၊ ဟာလန်း စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မခေါ်နိုင်သေးဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

၂၀၂၀ ကစတင်လာခဲ့တဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဘာစီလိုနာဟာ အပြောင်းအရွှေ့မှာ အထည်ကြီးပျက် အသင်းတစ်သင်းအဆင့် ရောက်ရှိခဲ့တာပါ။ ၎င်းတို့ရဲ့ များစွာသော ခေါ်ယူမှုတွေဟာ အလွတ်နဲ့ ရမယ့် ၃၀ အထက် ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဇာဗီက သူတို့အသင်းဟာ ကျပ်တည်းတဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဟာလန်း ၊ အမ်ဘာပေ စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မခေါ်ယူနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဇာဗီက “ ဟာလန်းနဲ့ အမ်ဘာပေလား။ ကျွန်တော်တို့က ဟာလန်းနဲ့ အမ်ဘာပေတို့လို ကြယ်ပွင့်တွေ ဘာစီလိုနာဆီ ရောက်လာဖို့ မျှော်လင့်ထားလို့ မရသေးပါဘူး။ ကျွန်တော်တို့မှာ အဲ့ဒီလို ကစားသမားတွေကို ခေါ်ယူနိုင်မယ့် ငွေကြေးအင်အား မရှိပါဘူး ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အသက်ရလာနေပြီး ဒီရာသီမှာ သွင်းဂိုး ၉ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။