ဇယားထိပ်က လီဗာပူးကို ကျော်တက်နိုင်ဖို့ သတင်းကောင်းရလာတဲ့ မန်စီးတီး

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ မန်စီးတီးနဲ့ လီဗာပူးကြား ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ချိန်မှာပဲ မန်ချက်စတာအသင်းအတွက် သတင်းကောင်း တစ်ခု ရလာခဲ့ပါတယ်။

လာမယ့်အပတ်ထဲမှာ ကျင်းပဖို့ရှိတဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ သူတို့ရဲ့ အဓိကကစားသမား ဆာလာကို အီဂျစ်အသင်းအတွက် လက်လွတ်ပေးရမှာ ဖြစ်ပါတယ်။

ပရီးမီယားလိဂ်မှာ ပုံစံကောင်းရနေပြီး အမှတ်ပေးဇယားကိုပါ ဦးဆောင်ထားတဲ့ လီဗာပူးအသင်းအတွက် ဆာလာကို အီဂျစ်အသင်းထံ စေလွှတ်ပေးရတာက နစ်နာမှုဖြစ်သလို ဒီပြိုင်ပွဲမှာသာ အီဂျစ်အသင်း ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆို ကလောပ့်အနေနဲ့ ပိုပြီး ခေါင်းခဲရဖွယ်ရှိတာပါ။

လီဗာပူးအနေနဲ့ ဒီကာလအတွင်းမှာ ဘုန်းမောက်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘန်လေတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အပါအဝင် ဖူဟမ်နဲ့ နှစ်ကျော့ကစားရမယ့် ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

အလားတူ တခြားပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ထရာအိုရေး (အက်စတွန်ဗီလာ)၊ နီကိုလပ်စ်ဂျက်ဆင် (ချဲလ်ဆီး)၊ အမ်မရာဘတ်၊ အိုနာနာ (မန်ယူ)၊ မိုဟာမက်အယ်နီနီ (အာဆင်နယ်)၊ ဘစ်ဇူးမား (စပါး) တို့ကလည်း အာဖရိကပွဲတွေ သွားကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီကတော့ အာဖရိကန်ကစားသမားတွေ ခေါ်ယူထားခြင်းမရှိလို့ ဒီအခြေအနေကနေ ကင်းလွတ်ခွင့်ရမှာဖြစ်သလို ဟာလန်းနဲ့ ဒီဘရိုင်းတို့ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာနေပါပြီ။

အာဖရိကဖလား ဘောလုံးပြိုင်ပွဲကို အိုင်ဗရီကို့စ်နိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ၁ လကြာ ကျင်းပမှာဖြစ်ပြီး လက်ရှိချန်ပီယံအသင်းက ဆီနီဂေါအသင်း ဖြစ်ပါတယ်။