အင်္ဂလန်ဘောလုံးလောကကို လုံးဝ အထင်မကြီးဘဲ ဂွာဒီယိုလာကြောင့် ပရီးမီးယားလိဂ် ရောက်လာတဲ့ ဆေးလ်ဗား

လက်ရှိ ချယ်ဆီးအသင်းမှာ ကစားနေတဲ့ ဘရာဇီးခံစစ်မှူး သီယာဂို ဆေးလ်ဗားက သူဟာ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဘော အားပြုတဲ့ ကန်တင်ပြေး ကစားဟန်ကို လုံးဝ အထင်မကြီးသူတစ်ယောက်လို့ ဝန်ခံလိုက်ပါတယ်။
ဒါပေမယ့် သူ့လို ကစားသမားကို အင်္ဂလန်လိဂ်ထံ ပြောင်းလာစေတဲ့ထိ လွှမ်းမိုးမှု ကြီးမားသူကတော့ ပက်ဂွာဒီယိုလာပဲဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ သီယာဂို ဆေးလ်ဗားဟာ မကြာသေးခင်ကပဲ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့သူ ဖြစ်ပါတယ်။
သီယာဂို ဆေးလ်ဗားက ” ပရီးမီးယားလိဂ်မှာ ပွဲ၁၀၀ ပြည့်တဲ့အထိ ကစားဖို့ ကျွန်တော် မတွေးခဲ့ဖူးပါဘူး။ တနေ့နေ့ ပရီးမီးယားလိဂ်မှာ လာကစားဖို့ကိုတောင် တခါမှ မတွေးခဲ့ဖူးပါဘူး။
ကျွန်တော် အရင်တုန်းက ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ကို တကယ် မကြိုက်ခဲ့တာပါ ။ ကျွန်တော် မကြိုက်တာ ဒီတလိဂ်တည်း ရှိခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီက အသင်းတွေဟာ အများအားဖြင့် အမြင့်ဘောကိုပဲ အားပြုကစားတတ်တာကြောင့်ပါ။
ဒီအမြင်ကို ပြောင်းလဲစေခဲ့တဲ့ အရာတွေထဲက တခုကတော့ ပက်ဂွာဒီယိုလာပါ။ သူဟာ တိုက်စစ် ပိုဆင်နိုင်ဖို့ပဲ ကြိုးစားပါတယ်။ ကြည့်ရတာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဘောလုံး ကစားဟန် ဖြစ်ပါတယ်။
အဲဒီ အခိုက်အတန့်ကနေ စပြီး ကျွန်တော် ပရီးမီးယားလိဂ်ကို စိတ်ဝင်စားလာပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေ ကျွန်တော် ပိုကြည့်ဖြစ်လာပါတယ်။ အဲဒီနောက် ချဲလ်ဆီးဆီက ကမ်းလှမ်းမှု ရလာတော့ ကျွန်တော် ၂ခါပြန် မစဉ်းစားခဲ့ရပါဘူး။ ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ အင်္ဂလန်ဘောလုံးလောကို သက်ရောက်မှု ကြီးမားစေခဲ့ပြီး သူ့ကြောင့်ပဲ အင်္ဂလန်အသင်းရဲ့ ကစားဟန်ကတောင် ရှေးရိုး ကန်တင်ပြေး အဖြစ်ကနေ တိုးတက်လာခဲ့တာပါလို့ အင်္ဂလန်သတင်းထောက်တွေက ချီးကျုးထားခဲ့ဖူးပါတယ်။