ဝေါ်ကာနေရာ အစားထိုးရမယ့် ကစားသမား ရှာတွေ့ထားပြီဖြစ်တဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းက ဝါရင့် ညာနောက်ခံ ကစားသမားကြီး ကိုင် ဝေါ်ကာရဲ့နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် စပါးအသင်းမှ ပတ်ဒရို ပေါ်ရိုကို ခေါ်ယူချင်နေပါတယ်။

ဝေါ်ကာဟာ လက်ရှိမှာ အသက် (၃၃)နှစ်ကို ရောက်ရှိနေပြီဖြစ်တာမို့ မန်စီးတီးအသင်းဟာ သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကိုတော့ ကြိုတင် ရှာဖွေထားဖို့ လိုအပ်လာခဲ့ပါတယ်။

ဒီအတွက်လည်း မန်စီးတီးက ကစားသမားဟောင်းဖြစ်သူ ပေါ်ရိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပါတယ်။ ပေါ်ရိုဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှ ဂျီရိုနာကနေ မန်စီးတီးအသင်းဆီကို ပေါင် (၁၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ပေါ်ရိုဟာ မန်စီးတီးအသင်းမှာ ပွဲကစားခွင့် မရရှိခဲ့ပဲ ဗယ်လာဒိုးလစ် နဲ့ စပို့တင်း လစ္စဘွန်းအသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရရင်း စပို့တင်းအသင်းဆီကိုပါ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီကနေ စပါးအသင်းဆီ ထပ်မံ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အသက် (၂၄)နှစ်အရွယ် ညာနောက်ခံလူ နဲ့ ညာတောင်ပံ အစွန် ကစားသမား ပေါ်ရိုဟာ စပါးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတာကြောင့် သူ့ကို အသင်းဟောင်း မန်စီးတီးကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး ဝေါ့လ်ကာနေရာမှာ အစားထိုးဖို့အတွက်လည်း ချိန်ရွယ်လာခဲ့ပါတယ်။

လက်ရှိ မန်စီးတီးအသင်းရဲ့ ညာခြမ်းခံစစ်မှာ လူငယ် ကစားသမားလေး ရစ်ကို လူးဝစ်ရှိနေပြီး စီးတီးဟာ ညာခြမ်းအတွက် တိုက်ရိုက် အစားထိုးနိုင်မယ့် ကစားသမားကိုတော့ မဖြစ်မနေ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။