ဂွာဒီယိုလာရဲ့ တပည့်ကျော် စီးတီးအသင်းသား ၅ ဦးထိ ပါဝင်လာတဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး အသင်း
၂၀၂၃ ခုနှစ်အတွက် IFFHS က တစ်နှစ်တာ အကောင်းဆုံး အသင်းကို ရွေးချယ်ရာမှာ မန်စီးတီးကစားသမား အများအပြား ပါဝင်လာပါတယ်။
နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ စာရင်းအင်းအဖွဲ့ချုပ် (IFFHS) ကတော့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး အသင်းကို ကြေညာရာမှာ တိုက်စစ်တန်းမှာတော့ ဥရောပလိဂ်တွေက တိုက်စစ်သမားတွေဖြစ်တဲ့ ဟာလန်း၊ ကိန်း၊ ဘာပေတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ မနှစ်က မန်စီးတီးအသင်း ဖလား ၃ လုံး အောင်မြင်မှုမှာ အဓိကကျခဲ့သလို ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လို့ သူဟာ ဒဏ်ရာကြောင့် သီတင်းပတ် အတန်ကြာ အနားယူနေရပါတယ်။
အံ့ဩသင့်စရာအဖြစ် ပီအက်စ်ဂျီကနေ မေဂျာလိဂ်ထံ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး မက်ဆီကတော့ Team of the Year မှာ တိုက်စစ်မှူး မဟုတ်ဘဲ ကွင်းလယ်လူအဖြစ်က ပါဝင်လာခဲ့ပါတယ်။
မက်ဆီဟာ ရီးရဲလ်မက်ဒရစ်စတား ဘယ်လင်ဟမ်၊ မန်စီးတီးအတွဲဖြစ်တဲ့ ဒီဘရိုင်း၊ ရိုဒရီတို့နဲ့အတူ ကွင်းလယ် ၄ ယောက်တန်းက ပါဝင်လာခဲ့တာပါ။
ခံစစ်မှာတော့ မန်စီးတီး ခံစစ်မှူး ရူဘင်ဒီယက်စ်ဟာ ကင်မင်ဂျေနဲ့ အဖွန်ဆိုဒေးဗစ်တို့နဲ့အတူ ပါဝင်လာပြီး ဂိုးသမားနေရာက အီဒါဆန် ဖြစ်ပါတယ်။