သူ့နာမည်ကို လူတွေ သတိရအောင် လုပ်ဖို့ ၁၇ မိနစ်ပဲကြာတဲ့ ဒီဘရိုင်းအား ဂွာဒီယိုလာ ရှယ်မွှန်း
ဂွာဒီယိုလာက ၅ လကြာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ညက ဟက်ဒါစ်ဖီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးထောက်ပံ့မှု လုပ်နိုင်ခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားကို ချီးကျူးခဲ့ပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာ ဂွာဒီယိုလာက ဒီဘရိုင်းကို လူစားဝင်ကစားခွင့်ပေးခဲ့ချိန်မှာ စီးတီးပရိသတ်တွေက မတ်တပ်ရပ်လက်ခုပ်တီး ဂုဏ်ပြုခဲ့ပြီး ဒီဘရိုင်းနားရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။
ဒီဘရိုင်းနားဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ရယူခဲ့ပြီးနောက် ကွင်းထဲ ခြေချတဲ့ ၁၇ မိနစ်အကြာမှာတင် မန်စီးတီးရဲ့ ၅ ဂိုးမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို ဒိုကု သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ပြိုင်ဘက်နောက်ခံလူ ဆလိုက်ပစ်ဝင်ပေမယ့် ဒီဘရိုင်းက လူကပ်ခံထားရခြင်း မရှိတဲ့ ဒိုကူဆီ ‘မ’တင် ပြန်ချပေးလိုက်တာပါ။ ဒီဂိုးဖန်တီးမှုနဲ့အတူ သူပြန်လာပြီဆိုတာ ဒီဘရိုင်းက ပြိုင်ဘက်တွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက “ ကီဗင်က ပွဲစဉ်တွေကို အနိုင်ရအောင် ကူညီပေးနိုင်ပြီး အဲဒီလို လုပ်နိုင်တဲ့ ကစားသမားက ကမ္ဘာပေါ်က အနည်းငယ်ပဲရှိပါတယ်။ ဘောလုံးကောင်းကောင်း ကစားနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပေမယ့် လူနည်းနည်းကပဲ နိုင်ပွဲတွေရရှိအောင် ကူညီပေးနိုင်တာပါ။
ကီဗင်က လူတွေ သူ့ကို ဘယ်လောက်ချစ်လဲဆိုတာကို ခံစားမိခဲ့မယ်ဆိုတာ ကျွန်တော် သေချာတယ်။ လူတွေက သူ့ကို ဘယ်လောက်တောင် ချစ်လဲ။ ဒီလို အပြန်အလှန် လေးစားမှုတွေက ထာဝရရှိနေပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။