ချန်ပီယံများရှင် မန်စီးတီးကို လက်ကျန် ဖလား ၂ လုံးက မန်ယူအတွက်ပဲလို့ သတိပေးတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်က သူတို့အသင်းဟာ လက်ကျန် ရာသီဝက်အတွင်းမှာ ယှဉ်ပြိုင်ဖို့ ကျန်နေသေးတဲ့ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးကို သိမ်းပိုက်မှာပါလို့ ကြွေးကြော်သွားပါတယ်။

စီးတီးဟာ အဆိုပါ ဖလား ၂ ခုလုံးရဲ့ လက်ရှိ ချန်ပီယံဖြစ်သလို ပြိုင်ပွဲတွေထဲမှာ ဆက်ရှိနေဆဲ အသင်းဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ဒီဖလား ၂လုံးနဲ့ ချန်ပီယံလိဂ် အောင်မြင်ခြင်းကြောင့် စီးတီးဟာ တစ်ရာသီ ဖလား ၃ လုံး အောင်မြင်ခဲ့ပါတယ်။


လက်ရှိမှာ ယူနိုက်တက်က ကာရာဘောင်းပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးကနေ ထွက်ထားရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၄)အတွင်း ဝင်နိုင်ဖို့တောင် အသည်းအသန် ရုန်းကန်ရမယ့် အနေအထားဆီ ရောက်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ သူတို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ခုစလုံးမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က “ ကျွန်တော်တို့မှာ အက်ဖ်အေဖလားအပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲပါ ယှဉ်ပြိုင်ဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကြိုးစားလို့ ရတဲ့ ဆုဖလား ၂လုံး ကျန်နေသေးတယ်လို့ ဆိုရပါမယ်။

ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား နှစ်ခုစလုံးကို သိမ်းပိုက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။