စီးတီးက သတင်းကောင်းတွေ ဆက်တိုက် ရနေချိန် ပြိုင်ဘက်အသင်းက အထိနာမှုတွေ ရှိလာ
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အက်ဖ်အေဖလားမှာ ဟက်ဒါဖီးအသင်းကို ၅-၀ ဖြင့် အနိုင်ရပြီးတဲ့နောက် ပရီးမီးယားလိဂ်ကို အာရုံစိုက်နေပါတယ်။
ဒီအပတ်မှာ မန်စီးတီးဟာ နယူးကာဆယ်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒဏ်ရာ ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဟာလန်း၊ ဒိုကူတို့ အားလုံး ပြန်သက်သာလာနေပြီ ဖြစ်ပါတယ်။
စီးတီးနည်းပြကပဲ ” နယူးကာဆယ်နဲ့ ခက်ခဲတဲ့ပွဲကို ကစားရမယ် ပြီးရင်တော့ ၂ ပတ် အချိန်ရပါမယ်။ ဒုတိယရာသီဝက်အတွက် ဒီဘရိုင်း၊ ဟာလန်း၊ ဒိုကူ၊ ဂရီလစ်တို့ အားလုံး ပြန်လာပါပြီ။ ရာသီကုန်ထိ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ အားလုံးကို လိုအပ်တာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။
တဘက်မှာ စီးတီးရဲ့ ပြိုင်ဘက် လီဗာပူးကတော့ ဒဏ်ရာ သတင်းတွေ၊ ဆာလာကို လက်လွတ်ရမှုတွေနဲ့ လူစာရင်း အထိနာမှုတွေ ရှိနေပါတယ်။
ဖူလ်ဟမ်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲကြိုမှာ ထရန့် ဒဏ်ရာရသွားပြီလို့ လီဗာပူးအသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။ ညာအစွန်လူဟာ ဒီဒဏ်ရာကြောင့် ၃ ပတ်ဝန်းကျင် အနားယူရမှာဖြစ်ကာ လီဗာပူးရဲ့ ပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်သွားပါမယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရှိနေပေမယ့် ဇန်နဝါရီလတွင်း ဆာလာကို အာဖရိကပွဲတွေအတွက် လက်လွတ်ထားရကာ ယခု ထရန့် သတင်းဆိုး ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။