ကွင်းထဲမှာတော့ ဆရာပဲ အိမ်မှာတော့ မိန်းမစကား နားထောင်ရတဲ့ ဂွာဒီယိုလာ

ဂွာဒီယိုလာဟာ ဇနီးဖြစ်သူကို ချစ်ရကြောင်းနဲ့ ကွင်းတွင်းက ကိစ္စတွေကို သူဆုံးဖြတ်ရပေမယ့် အိမ်တွင်းမှာတော့ ဇနီးဖြစ်သူက ဆုံးဖြတ်ပါတယ်လို့ နောက်ဆုံး အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။

Men In Blazers နဲ့ အင်တာဗျူးမှာ မေးခွန်းတွေ အများကြီး မေးခဲ့တဲ့ အထဲက နှစ်ပေါင်းမျာစွာ မန်နေဂျာလောကထဲ ကျင်လည်ရာမှာ ပွဲနေ့ ဝတ်စုံတွေအကြောင်း ပါဝင်ခဲ့တာပါ။

ပွဲနေ့တွေမှာ ဝတ်ဖို့ ဘယ်လို ဆုံးဖြတ်လဲ? ဘယ်လို ခံစားချက်တွေနဲ့ ရွေးချယ်သလဲ? မေးခံရချိန်မှာ ဂွာဒီယိုလာက ‘ ကျနော် ဇနီး ဆုံးဖြတ်တာပါ ‘ လို့ ဆိုပါတယ်။

စီးတီးနည်းပြကပဲ ‘ ကျနော်ရဲ့ ဇနီးသည်က ကမ္ဘာပေါ်က ကိစ္စတွေ အများကြီးကို သိပါတယ်။ အထူးသဖြင့် ဖက်ရှင်ပေါ့။ ဒီတော့ သူမက ဒါမဝတ်နဲ့ ဒါဝတ် ပြောရင် ကျနော် နားထောင်လိုက်တာပါပဲ။

ကိုယ့်ထက် ပိုတော် ပိုတတ်တဲ့ သူတွေပေးတဲ့ အကြံဉာဏ်ကို နားထောင်ရမယ်ဆိုတာ နားလည်ဖို့ ကျနော်က ဉာဏ်ကောင်းပါတယ်။ သူမကလည်း အကြံကောင်းတွေ ပေးဖို့ သိပ်တော်ပါတယ် ‘ လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာနဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ အတူနေခဲ့ကြတာ ၃၅ နှစ် ဝန်းကျင် ရှိနေပြီဖြစ်ကာ ၂၀၁၄ ခုနှစ်မှာ တရားဝင် လက်ထက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။