မန်နေဂျာဘဝ ဆုဖလား များစွာ အောင်မြင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက နည်းပြဘဝ အောင်မြင်မှုများရရှိနေခြင်းဟာ သူ့ရဲ့ ဇာတိမြေက ဘာစီလိုနာ အကယ်ဒမီ လာမာဆီယာကနေ ရိုက်သွင်းပေးခဲ့တဲ့ အရှုံးမပေးလိုသော စိတ်ဓာတ်ကြောင့်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဂွာဒီယိုလာသည် ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ရင်း နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့သူပါ။ အဲ့နောက်ပိုင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတို့နှင့်အတူ ဆုဖလားပေါင်း ၃၇ လုံးအထိ အောင်မြင်ထားပါတယ်။

ဂွာဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှ မန်စီးတီးကို စတင် ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီမှာ သမိုင်းဝင် ဖလား ၃ လုံး အောင်မြင်မှု ရရှိခဲ့ပါတယ်။

နည်းပြဘဝ အရမ်း အောင်မြင်ရခြင်းအပေါ် ဂွာဒီယိုလာက ” ဘာစီလိုနာ၊ ဘိုင်ယန် နဲ့ မန်စီးတီးတို့က ဘဏ္ဍာရေးတောင့်တင်းပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ဝယ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် အသင်းကိုတည်ဆောက်ရတာ လွယ်ကူပါတယ်။

ကျွန်တော်ဟာ ဘာစီလိုနာအကယ်ဒမီမှာ ငယ်ငယ်လေးတည်းက ရှုံးနိမ့်မှုကို လက်မခံတဲ့ စိတ်ဓာတ် ရိုက်သွင်းခံခဲ့ရတယ်။ ဒါက ကျွန်တော့် အသွေးအသားထဲထိ စီးဝင်သွားပုံပါပဲ ” ဟု ပြောကြားခဲ့ပါတယ်။