နယူးကာဆယ်ကို အဝေးကွင်းမှာ မန်စီးတီး အနိုင်ယူနိုင်မှာလား ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်း

မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ စနေနေ့ည ၁၂ နာရီ တိတိ အချိန်၊ စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ နယူးကာဆယ်နဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” နယူးကာဆယ်ရဲ့ ဒဏ်ရာ ရ ကစားသမားတွေက တဖြည်းဖြည်းချင်း ပြန်လာနေပါပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ ဆန်းဒါးလန်းနဲ့ ပွဲမှာ ရလဒ်ကောင်း ပြန်ရခဲ့တယ်။ နိုင်ပွဲ ရလိုက်တာက သူတို့ စိတ်ကို တကယ် အားရှိသွားစေမှာပါ။

အက်ဒီဟောင်းရဲ့ အသင်းက အိမ်ကွင်းမှာ တကယ်ကို ကောင်းတယ်။ ဒီရာသီ အဆင့် ၄ အတွင်း ဝင်ဖို့ဆို သူတို့ ဒီပွဲလည်း နိုင်မှ ဖြစ်မှာ။

ဒါပေမယ့် မန်ချက်စတာ စီးတီးကလည်း နိုင်ပွဲ လိုအပ်နေတယ်။ သူတို့က ဇယားထိပ်နဲ့ ၂ မှတ် ကွာနေတဲ့ ရမှတ်ကို လျှော့ချချင်နေပါတယ်။ သူတို့ စိတ်တော့ ရှည်ရမှာပါ။ စိန့်ဂျိန်းပါ့ခ် ဆိုတာ ဧည့်သည်တွေ အတွက် လွယ်ကူတဲ့ နေရာတော့ မဟုတ်ဘူး။

အမှတ်ပေးဖလား ချန်ပီယံ လမ်းကြောင်းကို ပြောမယ် ဆိုရင် မန်စီးတီးသာ ဒီပွဲ နိုင်လိုက်ရင် သူတို့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ပြန် ဖြစ်လာမှာပဲ။ လီဗာပူးမှာက ခက်ခဲတဲ့ ပွဲတွေ စောင့်နေတယ်။ ဒီအနေအထား ကို ပက်နဲ့ သူ့ အသင်းသားတွေ အခွင့်ကောင်း ယူဖို့ လုပ်မှာပါ။

မန်စီးတီးတို့ ကီဗင် ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို ပြန် ထည့် ကစားနိုင်လိုက်တာက ပေါင် သန်း ၂ဝဝ ဖိုးလောက် လူဝယ် ဖြည့်လိုက်သလိုပါပဲ။ လုံးဝကို ပြောင်းလဲသွားစေခဲ့တယ်။

ဒီတပတ်ပွဲက မန်စီးတီး ကပ် နိုင်သွားမယ် ထင်ပါတယ်။ ဒါပေမယ့် ပွဲက သရေနဲ့ အဆုံးသတ်သွားမယ် ဆိုရင်လည်း အံ့သြစရာ မရှိပါဘူး။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၁-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။