ဒီဘရိုင်း အားကိုးဖြင့် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို စိန်ခေါ်သံ ပေးပို့လိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ဂွာဒီယိုလာက နယူးကာဆယ် အသင်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တဲ့ ပွဲမှာ အရေးပါခဲ့တဲ့ ဒီဘရိုင်းကို တခုတ်တရ ချီးကျူးလိုက်သလို ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုလည်း ပြုလုပ်သွားပါတယ်။

နယူးကာဆယ်နဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာ စီးတီးက ပွဲချိန် ၇၀မိနစ်ကျော် အထိ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် လူစားဝင် ကစားသမား ဒီဘရိုင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့် နောက်ကျအနိုင်ဂိုး သွင်းယူကာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂွာဒီယိုလာက ဒီဘရိုင်းနား နဲ့ ပတ်သက်ပြီး ” ငါးလ ကြာ အနားယူ ခဲ့ရတဲ့နောက် သူ မိနစ် ၉၀ ပြည့် ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ကျွန်တော် ခံစားခဲ့ရပါတယ်။

သူ လူစားဝင်လာပြီး သူ့ရဲ့အကျိုးပြုမှုကို ခင်ဗျားတို့ အားလုံးတွေ့ကြမှာပါ။ သူ ဂိုးလည်းသွင်း ၊ ဂိုးဖန်တီးမှုလည်း လုပ်နိုင်ခဲ့ပါတယ် ၊ သူက စပါယ်ရှယ် ကစားသမား ဆိုတာထက်ကို ပိုတဲ့ ဂန္တဝင် ကစားသမားပါ။

ကျွန်တော်တို့ အသင်း ကစားပုံက ဒီဘရိုင်းနား ပါပါ မပါပါ သိသိသာသာ ပြောင်းလဲ သွားတာ မရှိပါဘူး ။ ဒါပေမဲ့ ပွဲတွေ အနိုင်ရဖို့ဆို ဟာလန်း သို့မဟုတ် ဒီဘရိုင်းနား လို ကစားသမားမျိုးတွေကို လိုအပ်ပါတယ် ။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀ပွဲ ကစားထားပြီးချိန် ရမှတ် ၄၃ မှတ်နဲ့အတူ အဆင့် ၂ နေရာဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး အဆင့် ၁ နေရာမှာ ရှိနေတဲ့ ပြိုင်ဘက် လီဗာပူးနဲ့ ရမှတ် ၂မှတ်သာ ကွာဟပါတော့တယ်။

ဂွာဒီယိုလာကတော့ “ကျွန်တော့်ရဲ့ ကစားသမားတွေက အောင်မြင်မှုတွေကို ဆာလောင်နေပါပြီ။ သူတို့အားလုံးက ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် ထပ်ပြီး အောင်ပွဲခံချင်နေပါတယ်။ ” လို့ ကြွေးကြော်သွားတာ ဖြစ်ပါတယ်။