စီးတီး ကစားသမား ၂ ဦး ပါဝင်နေတဲ့ ဗန်ဒိုက် ရွေးချယ်တဲ့ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က သူ့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထဲမှာ ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူး ၄ ဦးကို ရွေးထုတ်မှု လုပ်လာခဲ့ပါတယ်။

၂၀၁၅ မှာ ဆောက်သမ်တန်ကို ရောက်ရှိလာတဲ့ ဗန်ဒိုက်ဟာ ၂၀၁၈ မှာတော့ ပေါင် ၇၅ သန်းဖြင့် လီဗာပူးကို ပြောင်းရွှေ့ခဲ့သူပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့အတူ အောင်မြင်မှု များစွာ ရရှိထားပါတယ်။

အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ နယ်သာလန်သားကတော့ သူရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမားအဖြစ် အာဆင်နယ်နဲ့ ချယ်ဆီး တိုက်စစ်မှူးဟောင်း ဂျီရူးကို ထိပ်ဆုံးမှာ ထားခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ ” ရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံး တိုက်စစ်မှူးက ဂျီရူးဖြစ်မယ် ထင်ပါတယ်။ သူ့နဲ့ ရင်ဆိုင်ရတိုင်း သူ့ကိုယ် လူကပ်ထားရတိုင်း သူက တနည်းမဟုတ် တနည်းနဲ့ ဂိုးရအောင် သွင်းသွားပါတယ်။ ကျနော်တို့ ရင်ဆိုင်တိုင်းမှာ သူ့ရဲ့ ခေါင်း၊ ခြေထောက်၊ ဒူး ရတာနဲ့ ဂိုးသွင်းလေ့ ရှိပါတယ် ” လို့ ပြောပါတယ်။

အခြားသော တိုက်စစ်သမားတွေအဖြစ် မန်စီးတီးမှ အဂွယ်ရို၊ အာဆင်နယ်မှ ဂျေးဆုတို့ကို ရွေးချယ်ခဲ့တယ်။ နောက်ဆုံး တစ်ယောက်ကတော့ လက်ရှိ မန်စီးတီး တိုက်စစ်မှူး ဟာလန်းပဲ ဖြစ်ပါတယ်။

ဗန်ဒိုက် ပြောလာတဲ့ တိုက်စစ်မှူး ၄ ဦးလုံးဟာ မတူညီတဲ့ အရည်အချင်းတွေ ရှိကြသူတွေပါ။ ဒါပေမယ့် သူတို့ကို ရင်ဆိုင်ရတာက ခက်ခဲပြီး ကစားပွဲတွေမှာ ခံစစ်မှူးတွေကို ဒုက္ခကြီး ပေးကြသူတွေအဖြစ် ဗန်ဒိုက်က ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။