ပရီးမီးယားလိဂ်ရဲ့ လုပ်ရပ်ကြောင့် နေရင်းထိုင်ရင်း ဗီလိန်ဖြစ်နေရတဲ့ မန်စီးတီး

နော်တင်ဟမ် ဖောရက်စ်နဲ့ အဲဗာတန်အသင်းတို့ဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းတွေကို ဖောက်ဖျက်ခြင်းကြောင့် အရေးယူခံရတော့မှာ ဖြစ်ပါတယ်။

အဲဗာတန်အတွက်တော့ ဒုတိယအကြိမ် အပြစ်ပေးခံရမှာဖြစ်ပြီး ဒီရာသီမှာတင် ၁၀ မှတ်လျော့ ပြစ်ဒဏ်အား ပထမရာသီဝက်မှာတင် ကျခံထားရပြီး ဖြစ်ပါတယ်။ ကလပ် ၂ သင်းလုံးကို ရမှတ်လျော့ဖို့ ဒါမှမဟုတ် ဒဏ်ငွေ ပေးဆောင်စေဖို့ ပရီးမီးယားလိဂ်က အပြစ်ပေးမှာ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းလုံးဟာ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမို ဆုံးရှုံးထားကြောင်းကို ပရီးမီးယားလိဂ် အစီရင်ခံစာမှာ ဖော်ပြထားပြီး လက်ရှိမှာ ဆုံးဖြတ်မှု လုပ်နိုင်ဖို့ လွတ်လပ်သော ကော်မရှင်ထံ လွဲပြောင်းပေးထားပါတယ်။

ဘောလုံးပရိသတ်တွေကတော့ အသင်းငယ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကို အရေးယူရဲပြီး မန်စီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးမယူတဲ့အပေါ် လှောင်ပြောင်နေကြပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြောင်း ဂွာဒီယိုလာက ထုတ်ပြောခဲ့ပေမယ့် အခုချိန်ထိ မပြတ်သားတဲ့ အနေအထားမျိုးပဲ ဖြစ်နေရတာပါ။

ပရီးမီးယားလိဂ်က အမှန်တကယ် အရေးယူမယ်ဆိုရင် စီးတီးတို့ အင်္ဂလန်အောက်ဆုံးတန်းက လိဂ်အထိ တန်းဆင်းသွားမယ်လို့ စွပ်စွဲနေကြပေမယ့် ယူအီးအက်ဖ်အေတုန်းကလည်း ငွေဒဏ်နဲ့တင် အမှုနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။