စီးတီးရဲ့ အမှုကို သီတင်းပတ်တွေ အကြာမှာ အမိန့်ချမှတ်မယ်လို့ ပရီးမီးယားလိဂ် အတည်ပြု
ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်ထားတဲ့ စွဲချက်တင်မှုများအား ကြားရက်စစ်ဆေးမဲ့ နေ့ရက် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
မာစတာဟာ ဘယ်နေ့မှာ မန်စီးတီးအမှုကို ကြားနာစစ်ဆေးမယ်ဆိုတာ အတိအကျ ပြောကြားသွားခဲ့ခြင်း မရှိပေမယ့် သီတင်းပတ်တွေ အကြာမှာလို့တော့ ဆိုခဲ့ပါတယ်။
အဲဗာတန်ဟာ ယခင်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ရမှတ် ၁၀ မှတ်လျှော့ချခြင်းခံထားရပြီး ဖြစ်ပါတယ်။ အဲဗာတန်ဟာ နော်တင်ဟမ် ဖောရက်စ်နှင့်အတူ ပရီးမီးယားလိဂ်ရဲ့အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း ချိုးဖောက်မှုဖြင့် ထပ်မံ စွဲချက်တင်ခြင်းပါ ခံထားရပါသေးတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်း တစ်ရာကျော်တို့အား ချိုးဖောက်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စွဲချက်တင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ၂၀၀၉ ခုနှစ်မှ စတင်တဲ့ ၉ နှစ်တာကာလအတွက် စွဲချက်တင်ခြင်းခံထားရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ယင်းကာလအတွင်းတွင် အမှတ်ပေးဖလား ၇ ကြိမ်ချန်ပီယံ ဖြစ်ထားပါတယ်။ မန်စီးတီးတို့ အမှုတွင်သာ ရှုံးနိမ့်မည်ဆိုပါက တန်းချခြင်းခံရတဲ့အထိ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ပရီးမီးယားလိဂ်က စတင်စစ်ဆေးလာပြီးနောက် ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှုအတွက်လည်း စွဲချက်တင်ခံထားရပါတယ်။