ကလပ်ရဲ့ အရေးပါတဲ့ အကြီးအကဲ တစ်ဦးအား မန်ယူအသင်းထံ ပြောင်းခွင့်ပေးခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ ယူနိုက်တက်ဟာ စီးတီးအသင်းရဲ့ အရေးကြီး အကြီးတန်း အရာရှိကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

ဂလေဇာမိသားစုနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ကို ပူးတွဲပိုင်ဆိုင်ခွင့် ရလိုက်တဲ့ ရက်ကလစ်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ CEO အသစ် အဖြစ် စီးတီးအသင်းရဲ့ CFO ဖြစ်သူ ဘာရာဒါကို ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ယူနိုက်တက် ရှယ်ယာရှင်သစ်တွေဖြစ်တဲ့ INEOS က ဂျူဗင်တပ် အကြီးအကဲဟောင်း ဘလန့်ကို ချိတ်ဆက်နေခဲ့တာဖြစ်ပြီး ဘယ်သူမှ မထင်ထားတဲ့ မန်ချက်စတာ စီးတီးရဲ့ အကြီးအကဲကို ယူနိုက်တက်ဆီ ပြောင်းလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပါတယ်။

အိုမာ ဘာရာဒါက ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီး ၅ခုမှာ ကလပ်အသင်း ၁၁သင်းကို ပိုင်ဆိုင်ထားတဲ့ စီးတီးဘောလုံးအဖွဲ့ကို တာဝန်ယူ အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ စီးတီးရဲ့ အပြောင်းအရွှေ့ ကိစ္စ အချို့ကိုလည်း တာဝန်ယူမှု ပြုလုပ်ထားခဲ့ပါတယ်။

ဟာလန်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ အပြောင်းအရွှေ့တွေကို အိုမာ ဘာရာဒါက ဦးဆောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သူဟာ ယူနိုက်တက်မှာလည်း တူညီတဲ့ ပုံစံအတိုင်း များပြားတဲ့ တာဝန်တွေကို ရယူသွားမယ်လို့ နားလည်ရပါတယ်။

စီးတီးဟာ အိုမာ ဘာရာဒါကို လက်လွတ်ပေးခဲ့ပေမယ့်လို့ Soriano နဲ့ Txiki လို အဓိက အကြီးအကဲ အများအပြား ဆက်ရှိနေသေးတာမို့ ထူးထူးခြားခြား ထိခိုက်မှုမျိုး ရှိလာမှာတော့ မဟုတ်ပါဘူး။