လီဗာပူး၊ မန်စီးတီးတို့နဲ့ ပြိုင်ဆိုင်နိုင်ရေး အားနည်းချက်ကို အားသာချက်နဲ့ ဖုံးကြဖို့ အာတီတာ နှိုင်းဆော်

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူး၊ မန်စီးတီးကိုနဲ့ ယှဉ်ပြိုင်နိုင်ရေး ကလပ်ရဲ့ အားနည်းချက်ကို အချင်းချင်း ဖာထေး ကစားကြဖို့ သူ့အသင်းသားတွေကို တိုက်တွန်းသွားပါတယ်။
အာဆင်နယ်မှာ ဟာလန်း၊ ဆာလာလို တစ်ရာသီ ပုံမှန် သွင်းဂိုး ၃၀ လောက် ရယူနိုင်မယ့် တိုက်စစ်မှူး မရှိဖြစ်နေတာပါ။ ဒါကြောင့် ကစားသမား တစ်ဦးတည်းအပေါ် မမှီခိုဘဲ အသင်းလိုက် သွင်းဂိုးတွေ ပိုရလာဖို့ အာတီတာက မျှော်လင့်နေပါတယ်။
စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ ရမှတ်တူ တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ မနှစ်ကအောင်မြင်မှုတွေထဲမှာ ၁၀ဂိုး အထက်သွင်းနိုင်တဲ့ ကစားသမားအများအပြားရှိခဲ့တာလည်း ပါဝင်ပြီး ဒီနှစ်လည်း အဲ့ဒီလိုလုပ်နိုင်ပါလိမ့်မယ်။
အခု ကျွန်တော်တို့ ဒုတိယရာသီဝက်ကိုရောက်နေပြီဖြစ်ပြီး ဆုဖလားအပြိုင် စိန်ခေါ်ဖို့ဆိုရင် အသင်းအနေနဲ့ ပြင်းပြင်းထန်ထန်၊ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ လိုအပ်နေပါပြီ။”လို့ ပြောသွားခဲ့ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်ကြား အဓိက ကွာဟချက်ဟာ နေရာစုံမှာ ရှိပေမယ့်လို့ အထောင်တိုက်စစ်ပိုင်းက သိသိသာသာ ခြားနားမှု ဖြစ်နေတာပဲ ဖြစ်ပါတယ်။
ဟာလန်းဟာ ၂၀၂၃ခုနှစ် အတွင်းမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် စံချိန်တင် ဂိုးသွင်းမှတ်တမ်း ပိုင်ဆိုင်ထားတာပါ။ ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် အနားယူနေရပေမယ့် ဒီလကုန်ရင် ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။