ဇန်နဝါရီ နောက်ဆုံးအပတ်မှာ မန်စီးတီးကနေ ထွက်ခွာသွားတော့မယ့် အသင်းသား

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ဇန်နဝါရီမှာ မန်စီးတီး ကစားသမားကို ခေါ်ယူရေး ကမ်းလှမ်းမှုဟာ အခြေအနေ ကောင်းမွန်နေခဲ့ပါပြီ။

ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အာဆင်နယ်မှာ ပုံမှန်နေရာ ရရှိဖို့ ခဲယဉ်းနေသူ စမစ်ရိုးကို ချဉ်းကပ်ခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံလိုက်ရတာကြောင့် တခြားသော ကွင်းလယ်လူတွေကို ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ရောင်းချပြီးနောက် ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ပရောက်စ် နဲ့ အေဂျက်စ် ကွင်းလယ်လူ အယ်လ်ဗာရက်ဇ်တို့ကို ပြန်လည် ဖြည့်တင်းခဲ့ပေမယ့် ကွင်းလယ်ပိုင်း လိုအပ်ချက် ရှိနေသေးလို့ အငှားလောက်နဲ့ ထပ်မံ ခေါ်ယူသွားချင်တာ ဖြစ်ပါတယ်။

ဒီအတွက်လည်း စမစ်ရိုးကို ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဝက်စ်ဟမ်းက ဒီဈေးကွက်ထဲ မန်စီးတီးကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကယ်လ်ဗင် ဖီးလစ်ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဖီးလစ်ကလည်း အသင်းဟောင်း လိဒ်စ်မှာ ခြေစွမ်းပြခဲ့သလောက် မန်စီးတီးမှာ နေရာရဖို့ အတော်လေး ခဲယဉ်းနေရပါတယ်။

အသက် (၂၈)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်ဟာ မနှစ်ကမှ လိဒ်စ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ လက်ရှိအထိ ဖီးလစ်က မန်စီးတီးမှာ အရန်ကစားသမားအဖြစ်နဲ့သာ အများဆုံး ပါဝင်နေရပါတယ်။

ဖီးလစ်အနေနဲ့ကလည်း လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့အတွက် ကလပ်အသင်း တစ်သင်းသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ချင်နေပြီး လက်ရှိမှာလည်း သူ့ကို ဝက်စ်ဟမ်းဘက်က လုပ်ခလစာအပြင် အပိုဆုကြေးတွေနဲ့အတူ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။