စီးတီးကနေ မခွာချင်ခဲ့ပေမယ့် ဒီတကြိမ်တော့ ထွက်ခွာရဖို့ နီးစပ်လာတဲ့ အပယ်ခံလေး ကယ်လ်ဗင် ဖီးလစ်

မန်စီးတီး မှာ ပွဲကစားခွင့် သိပ်မရလှတဲ့ အပယ်ခံကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ စီးတီးကနေ မခွာချင်ပေမယ့် ဝက်စ်ဟမ်းဆီ အငှားဖြင့်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက် ၂၈ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်က ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲသာ ပါဝင်ကစားထားရပါတယ်။ သူက လာမယ့်နွေရာသီ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိဖို့ အခုဇန်နဝါရီလမှာ အသင်းပြောင်းရွှေ့ရန် စိတ်အား ထက်သန်နေပါတယ်။

ပြီးခဲ့တဲ့ နွေတည်းက ဖီးလစ်ကို နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်အပါအဝင် ကလပ်အသင်းများစွာက ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ မန်စီးတီးရဲ့ တောင်းဆိုမှုဖြစ်တဲ့ အငှားပြောင်းရွှေ့ကြေး ပေါင် ၇ သန်းဆိုတဲ့ ဈေးနှုန်းမထွက်ပေါ်လာခင် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ကလည်း သူ့ကိုခေါ်ယူဖို့ လိုလားခဲ့တယ်လို့ သိရပါတယ်။

ဒေးလီးမေးလ် သတင်းဌာနရဲ့အဆိုအရ လက်တလောမှာ ဝက်စ်ဟမ်းဟာ ကယ်လ်ဗင်ဖီးလစ်ကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူဖို့ မန်စီးတီးနဲ့သဘောတူညီမှု ရရှိရန် အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။

အရှေ့လန်ဒန်အရပ်ဆီ ကယ်လ်ဗင်ဖီးလစ် ရောက်ရှိလာမှုက ပြီးခဲ့တဲ့နွေရာသီ၊ ဒီကလန်ရိုက်စ်ကို ဆုံးရှုံးထားရတဲ့ ဒေးဗစ်မိုရက်စ်ရဲ့အသင်းအတွက် ခွန်အားသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အက်ဒ်ဆင်အယ်လ်ဗာရက်၊ ဂျိမ်းစ်ဝက်ပရောက်တို့လို ကစားသမားကောင်းကို ခေါ်ယူထားနိုင်တဲ့ ဝက်စ်ဟမ်းရဲ့လှုပ်ရှားမှုတွေက အထင်ကြီးစရာကောင်းပါတယ်။

ဒါပေမယ့် ဖီးလစ်ရဲ့ကစားဟန်နဲ့ ခြေစွမ်းပိုင်းတွေက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါကွန်ဖရန့် လိဂ်အောင်ပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ ဒေးဗစ်မိုရက်စ်ရဲ့နည်းဗျူဟာတွေကို ပြန်လည်အသက်သွင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ကစားသမားဘက်ကလည်း နွေတုန်းက အသင်းမပြောင်းချင်ခဲ့ပေမယ့် လက်ရှိ ဆောင်းဈေးကွက်မှာတော့ ပွဲကစားချိန် အာမခံချက်ရရှိရင် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ သဘောတူမယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းဘက်ကတော့ ဖီးလစ်ရဲ့ပေါင် ၁၅၀,၀၀၀ တန်ကြေးရှိ တစ်ပတ်လုပ်ခလစာပမာဏကို တက်နိုင်သလောက် လျှော့ချပြီး ပေးချေလိုနေပါတယ်။

တဖက်မှာတော့ မန်စီးတီးဘက်က အငှားခေါ်ယူကြေးကိုသာ အပြည့်အဝပေးချေမယ်ဆိုရင် ကစားသမားရဲ့ တစ်ပတ်လုပ်ခ လစာပမာဏကို အများအပြား စိုက်ထုတ်သုံးစွဲပေးမယ်လို့ သိရပါတယ်။