ဆော်ဒီကလပ်တွေ စိတ်ဝင်စားနေတဲ့ ဒီဘရိုင်း အတွက် မန်စီးတီးက အနည်းဆုံး ကြမ်းခင်းဈေး ရောင်းဈေး သတ်မှတ်ပေးလိုက်ပါပြီ
မန်ချက်စတာ စီးတီးဟာ ၎င်းတို့ရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို ခေါ်ချင်တဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ရှိနေတဲ့ အတွက် ရောင်းဈေးကို အနည်းဆုံး ပေါင် သန်း ၁၀၀ ပေးရမယ် လို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၄ လလောက် အနားယူနေခဲ့ရာကနေ ပြန်ကောင်းလာတဲ့ အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ မန်စီးတီးအတွက် အလုပ်တွေ လုပ်ပေးနေတဲ့ ကစားသမားပါ။
နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာဆိုရင် ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ ကိုယ်တိုင်လည်း တစ်ဂိုးသွင်းသလို ဖန်တီးမှု တစ်ကြိမ်လည်း လုပ်ပေးခဲ့ပါတယ်။
နောက်ပြီး ဒီဘရိုင်းနားဟာ နည်းပြ ဂွါဒီယိုလာရဲ့ အသင်းကိုလည်း ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလား ဆိုတဲ့ ဖလား ၃ လုံးလမ်းကြောင်းပေါ်ကို ပြန်ဆွဲတင်ပေးနေတဲ့ ကစားသမားဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘတ်ကနေ ပေါင် ၅၅ သန်းနဲ့ ရောက်လာပြီးတဲ့နောက် မန်စီးတီးဟာ ဒီဘရိုင်းကို အသင်းမှာ တတ်နိုင်သမျှ အချိန်ကြာအောင် ထိန်းထားချင်နေတာပါ။
တိုက်စစ်အားသန် ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒီဘရိုင်းနားဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဖြစ်နေတဲ့အတွက် နည်းပြ ဂွါဒီယိုလာက လက်ရုံးတစ်ဆူလို အားကိုး နေပါတယ်။
” ကီဗင်က မန်စီးတီးဂန္ထဝင်တစ်ယောက်ပါ။ သူက ကျွန်တော့်လူတွေ အကုန်လုံး အချစ် ခံရသူပါ။ နောက်ပြီး သူဟာ ကျွန်တော်တို့ကို အဆုံးထိ ကူညီပေးနိုင်မယ်လို့လည်း မျှော် လင့်ပါတယ်။
ကီဗင်လို ကစားသမားမျိုးကို ကျွန်တော်တို့ လိုတယ်။ တိုက်စစ်ဇုန်ထဲမှာ သူ့အနေနဲ့ ထူးခြားဆန်းကြယ်တာမျိုးတွေ လုပ်ပြနိုင်ဖို့ ကျွန်တော်တို့ လိုအပ်တာပါ။
ဒါက နည်းစနစ်ပိုင်း စွမ်းဆောင်ရည်မျိုးမဟုတ်ဘူးနော်။ ဒါပေမဲ့ ပါရီမီ၊ ထူးချွန်တဲ့ တစ်ဦးတည်း ပါရမီပါ “လို့ ဂွါဒီယိုလာက ဒီဘရိုင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။
စီးတီးနဲ့ ဒီဘရိုင်း တို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ကျန်နေသေးပြီး အသင်းဘက်ကတော့ ကစား သမားကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးချင်တဲ့အပြင် ဆယ်စုနှစ်တစ်ခုကြာအောင် အသင်းမှာ ထိန်းထားချင်တဲ့ သဘောမျိုး ရှိပါတယ်။
ဒါပေမဲ့ ဘယ်လ်ဂျီယံသားရဲ့ ခြေစွမ်း ကို သဘောကျနေတဲ့ ဆော်ဒီပရိုလိဂ် ဓနအင်အားကြီး အသင်း ၂ သင်းက ချဉ်းကပ်လာ တာမျိုး ရှိတာကြောင့် ခေါ်ချင်တယ်ဆိုရင်လည်း အနိမ့်ဆုံးက ပေါင်သန်း ၁၀၀ ကနေစပြီး ပေးရမှာ ဖြစ်တယ်လို့ စီးတီးဘက်က သပ်မှတ်လိုက်တာလို့ သိရပါတယ်။