ပွဲတွေ ပြန်စရင် လူစုံတက်စုံ အင်အားပြည့် ဖြစ်တော့မယ့် မန်စီးတီး၊ အဓိက ကစားသမား တစ်ဦး ပြန်လာပါပြီ

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်း ဟာ ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူပြီးနောက် အသင်းဖော်တွေနဲ့အတူ ပြန်လည် လေ့ကျင့်နေနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒူဘိုင်းမှာ ပြုလုပ်နေတဲ့ ဆောင်းရာသီ လေ့ကျင့်ခန်း အစီအစဉ်အတွင်း ဟာလန်းကို အသင်းဖော်တွေနဲ့ ပြန်လည် မြင်တွေ့ခဲ့ရတာကြောင့် မန်စီးတီးအသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်အနေအထားက အကောင်းဆုံး အနေအထားမှာ ရှိလာနိုင်ပြီး အဓိက ကွင်းလယ်လူ ဒီဘရိုင်းကလည်း အသင်းအတွက် စတင် ပါဝင်ကစားပေးနေပြီ ဖြစ်ပါတယ်။

ဟာလန်း အပါအဝင် အသင်းတောင်ပံကစားသမား ဒိုကုလည်း အသင်းဖော်တွေနဲ့ စတင်လေ့ကျင့်နေပြီ ဖြစ်ပြီး အသင်းနောက်ခံလူ ဂျွန်စတုန်းလည်း ပြန်လည် ကြံ့ခိုင်လာပြီ ဖြစ်တာကြောင့် ဂွာဒီယိုလာအတွက် အားရစရာ အကောင်းဆုံး အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။

ဒီဘရိုင်း၊ ရိုဒရီ တို့ မပါဝင်နိုင်တဲ့ အသင်းကွင်းလယ်ပိုင်းနဲ့ ဒီဘရိုင်း၊ ရိုဒရီတို့ ပါဝင်လာတဲ့ ကွင်းလယ်ပိုင်းက သိသိသာသာ ကွာခြားလွန်းသလို လက်ရှိ အသင်းတိုက်စစ်ပိုင်းကို အဲဗားရက်ဇ် တစ်ယောက်ထဲ တာဝန်ယူနေရတာကြောင့် ယခုလို ဟာလန်းရဲ့ ပြန်လည် ပါဝင်လာနိုင်မှုက မန်စီးတီးအသင်းအတွက် အတော်လေးကို ပြီးပြည့်စုံလာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ မန်စီးတီးအသင်းရဲ့ ဖလား သုံးလုံးအောင်မြင်မှုဟာ ဟာလန်း၊ ဒီဘရိုင်း၊ ဂျွန်စတုန်း၊ ရိုဒရီ စတဲ့ ကစားသမားတွေထံမှ အဓိက မြစ်ဖျားခံခဲ့တာကြောင့် ယခုရာသီမှာလည်း မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် အိမ်မက်နဲ့ ပရီးမီးယားလိဂ်ဖလား အိမ်မက်တွေက ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။