မန်စီးတီးကို ချန်ပီယံလိဂ်ကနေ မဖယ်ထုတ်နိုင်ခြင်းအား အခုချိန်ထိ မကျေနပ်သေးတဲ့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဖြစ်တဲ့ ဆီဖာရင်က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုအတွက် မန်စီးတီးကို ဥရောပပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ ဥရောပအာဏာပိုင်တွေ ကြိုးစားမှုဟာ မှန်ကန်တဲ့ လုပ်ရပ်ပါလို့ ထပ်လောင်း ပြောဆိုပါတယ်။
၂၀၂၀ ဖေဖော်ဝါရီတုန်းက မန်စီးတီးဟာ FFP စည်းမျဉ်းကို ဖောက်ဖျက်တယ်ဆိုပြီး ဥရောပပြိုင်ပွဲ ၂ ရာသီ ပွဲပယ်ဖို့နဲ့ ဒဏ်ကြေး ပေါင် ၂၅ သန်း ပေးဖို့ ယူအီးအက်ဖ်အေရဲက ဆုံးဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရတာပါ။
၇ လ အကြာမှာတော့ မန်စီးတီးဟာ လွတ်လပ်တဲ့ အားကစားကော်မရှင်ထံ အယူခံဝင်မှု အောင်မြင်ခဲ့တာကြောင့် ဥရောပပွဲပယ် ပြစ်ဒဏ်ကနေ ကင်းလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို ရင်ဆိုင်ရဖွယ် ရှိနေပါပြီ။
၂၀၂၀ တုန်းက မန်စီးတီးကို ကြီးမားတဲ့ ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ရာမှာ ယူအီးအက်ဖ်အေက မှန်ကန်ခဲ့ကြောင်း ဥက္ကဋ္ဌဖြစ်သူက ဆိုလာခဲ့တယ်။
ဆီဖာရင်ကပဲ ‘ ကျနော်တို့ မှန်ကန်ခဲ့တာကို သိပါတယ်။ ကျနော်တို့ မမှန်ဘူးထင်ရင် မန်စီးတီးကို အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ထင်မိပါတယ် ‘ လို့ ထုတ်ပြောလာခဲ့တယ်။
အဲဗာတန်က ဘဏ္ဍာရေး ဖောက်ဖျက်မှုအတွက် ပရီးမီးယားလိဂ်ထံက ၁၀ မှတ်လျော့ အရေးယူခြင်း ခံခဲ့ရတယ်။ ထပ်ပြီးလည်း အဲဗာတန်နဲ့ ဖောရက်စ်တို့ကို ပရီးမီးယားလိဂ်က အရေးယူဖို့ ကြိုးစားနေစဥ် မန်စီးတီးရဲ့ ပြစ်ဒဏ်တွေအတွက် ဆုံးဖြတ်ချက်တွေ ရောက်လာခြင်း မရှိသေးပါဘူး။
ဆီဖာရင်က အဲဗာတန်နဲ့ ဖောရက်စ်တို့ ခံစားနေရတာကို နားလည်ကြောင်းနဲ့ စီးတီးကို အရေးမယူဘဲ သူတို့ကိုပဲ အရေးယူခြင်းဟာ မမျှတပါဘူးလို့လည်း ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။