Money League မှာ ရီးရဲလ်မက်ဒရစ် ကျော်ဖြတ်တာ ခံလိုက်ရတဲ့ ဖလား ၃ လုံး ချန်ပီယံ မန်ချက်စတာ စီးတီး

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း ဟာ မန်စီးတီးကို ကျော်ဖြတ်ပြီး ဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်လာကြောင်း Deloitte ရဲ့ ဖော်ပြမှု အရ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၂-၂၃ ရာသီအတွင်းတွင် ဝင်ငွေ ယူရို ၈၃၁ သန်းအထိ ရရှိခဲ့တာ ဖြစ်ပြီး Deloitte ရဲ့ Money League လေ့လာဆန်းစစ်မှုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ၂၀၂၂-၂၃ ရာသီတုန်းက ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်ခဲ့ကာ ကလပ်စံချိန်တင် ဝင်ငွေ ယူရို ၈၂၆ သန်းအထိ ရရှိခဲ့ပေမဲ့လည်း ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
Deloitte ရဲ့ ဝင်ငွေအကောင်းဆုံးအသင်း ၂၀ ရဲ့ ဝင်ငွေဟာ ၁၄ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့ပြီး ယူရို ၁၀.၅ ဘီလီယံအထိ ရှိလာပါတယ်။ ကော်မာရှယ်နှင့် ကွင်းဝင်ကြေးဝင်ငွေ ယူရို ၄.၄ ဘီလီယံနှင့် ယူရို ၁.၉ ဘီလီယံအထိ ရှိလာပါတယ်။
ပီအက်စ်ဂျီ (ယူရို ၈၀၂သန်း)၊ ဘာစီလိုနာ (ယူရိုသန်း ၈၀၀)နှင့် ယူနိုက်တက်(ယူရို ၇၄၆သန်း)တို့ဟာလည်း ဝင်ငွေအကောင်းဆုံးအသင်း ၅ သင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
လီဗာပူးမှာ ဝင်ငွေ ယူရို ၆၈၃ သန်းဖြင့် အဆင့် ၃ နေရာမှ အဆင့် ၇ နေရာသို့အထိ ဆင်းပေးခဲ့ရပါတယ်။
စပါးစ်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့မှာလည်း ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပါဝင်ခဲ့ကာ နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့မှာလည်း အဆင့် ၁၇ နှင့် အဆင့် ၁၈ တို့မှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်စတာ၊ လိဒ်၊ အဲဗာတန်တို့ကတော့ ဝင်ငွေအကောင်းဆုံးအသင်း ၂၀ စာရင်းမှာ ပါဝင်လာခြင်း မရှိကြတော့ပါဘူး။
ဝင်ငွေအများဆုံးရရှိတဲ့အသင်း ၂၀ စာရင်းထဲမှာ ဝင်ငွေလျှော့ကျလာတဲ့အသင်းတွေကတော့ ဝက်စ်ဟမ်း၊ လီဗာပူးနှင့် အက်သလက်တီကိုတို့ ဖြစ်ပါတယ်။