မန်ယူက ဘယ်ရာဒါ ရသွားတာနဲ့ ဒီဘရိုင်း၊ ဟာလန်းတို့ ရမှာ မဟုတ်ဘူးလေ၊ အဲဒီလောက် မလွယ်ဘူး ဆိုတဲ့ ဂွာဒီယိုလာ
မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ အသင်းရဲ့ အားထားရတဲ့ အဓိက အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဘယ်ရာဒါ တစ်ယောက် မန်ချက်စတာ ယူနိုက်တက် စီအီးအိုသစ် ဖြစ်လာတဲ့ အပေါ် အပြည့်အဝ ကျေနပ်ဟန် မရှီပါဘူး။
ယူနိုက်တက်ကို ၂၅% ပိုင်ဆိုင်လာတဲ့ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်ဟာ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ် မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ ဇတ်လိုက်ကျော် အကြီးအကဲ တစ်ဦးဖြစ်သူ ဘယ်ရာဒါ ကို ယူနိုက်တက်ထံ ပြောင်းလာဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။
အခုလို မန်ချက်စတာ မြို့ခံ ပြိုင်ဘက်အသင်းထံ စီးတီးရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးအား လက်လွှတ်ရတဲ့ အပေါ် မေးခွန်း ထုတ်ခံခဲ့ရရာ ဂွာဒီယိုလာက ခုလို ပြောဆိုခဲ့ပါတယ်။
“အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ကျနော့်ဆီက လျှို့ဝှက်ချက်တွေကို သူ ယူသွားလားလို့ ပြောချင်တာလားမို့လား၊ ဒါပေမယ့် ဒီဘရိုင်းက မန်စီးတီးမှာ ကစားနေတုန်းပါ၊ ဟာလန်းကလည်း ဒီမှာပဲ ကစားဦးမှာပါ၊ အဲလောက်ထိ လွယ်မယ်လို့ ထင်နေတာလား။
ဒါပေမယ့် ပြောင်းရွှေ့ကြေးကလည်း သင့်တော်တယ်၊ ကစားသမားကလည်း ယူနိုက်တက်ဆီ ပြောင်းချင်တယ်ဆိုရင် မဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး”
“အိုမာကို သူတို့ရသွားလို့ အရာအားလုံး ပြောင်းလဲသွားမယ်၊ အဆင်ပြေသွားမယ်ဆိုတာကတော့ မပြောတတ်ဘူး၊ တကယ်လို့ အဲဒီလိုဖြစ်လာတယ်ဆိုရင်လည်း ကျနော် ဂုဏ်ယူပါတယ်။
နောင်တချိန်ကျရင် အိုမာရဲ့ နာမည်ကို ကွင်းထဲမှာ၊ ပွဲကြည့်စင်ပေါ်မှာ သူတို့ ဂုဏ်ပြုသင့်ပါတယ်၊ သူက ခင်မင်ဖို့ကောင်းတဲ့လူတဦးပါ၊ သူ ယူနိုက်တက်ဆီ မထွက်ခွာခင် ကျနော်နဲ့ ပွေ့ဖက်နှုတ်ဆက်ပြီး စကားပြောခဲ့ပါသေးတယ်” “လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂွာဒီယိုလာက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း စပိန်သားကြီး မန်ချက်စတာ ယူနိုက်တက်မှာ အောင်မြင်ပါစေလို့တော့ အဆုံးမှာ ဆုတောင်းပေးခဲ့ပါသေးတယ်။