ပြိုင်ဘက်ကြီး ကလော့ပ် နားတော့မယ် ဆိုလို့ ရင်ထဲက ခံစားချက်တွေ ရင်ဖွင့်လာတဲ့ ပပ် ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက လီဗာပူးလ်ကို ယခုရာသီကုန်မှာ စွန့်ခွာတော့မယ့် ယာဂန် ကလော့ပ်ကို လွမ်းဆွတ်နေမှာ ဖြစ်ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြ မရှိတော့မှာဖြစ်တာကြောင့် ကောင်းကောင်း အိပ်ပျော်တော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယာဂန် ကလော့ပ်က ၉ နှစ်ကြာ နည်းပြခဲ့တဲ့ လီဗာပူးလ်ကို စွန့်ခွာတော့မယ့်အကြောင်း မနေ့က ကြေညာချက်ဟာ ဂွါဒီယိုလာအပါအဝင် အများစုကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ လီဗာပူးအသင်းကနေ ထွက်ခွာခဲ့ရတဲ့နောက်ကွယ်က အကြောင်းအရင်းဟာ မောပန်းနွမ်းနယ်နေပြီဖြစ်တာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ထွက်ခွာမှုနဲ့ပတ်သက်ပြီး နည်းပြတွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပြောဆိုမှုတွေ အများအပြားရှိခဲ့ပြီး လီဗာပူးလ်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း သောကြာနေ့ညက စပါး ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“ ကလော့ပ် က မယုံနိုင်စရာကောင်းတဲ့နည်းပြပါ။ ကျွန်တော် သူ့ကို အနီးကပ်မသိခဲ့ပါဘူး။ ဒါပေမယ့် သူက မယုံနိုင်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။

သူ ထွက်သွားတဲ့အချိန်မှာ မန်စီးတီးရဲ့ အစိတ်အပိုင်းတစ်ခု ထွက်သွားသလို ခံစားမိတယ်။ သူက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ခဲ့တယ်။ လီဗာပူးလ်မှာရှိနေခဲ့တဲ့ ဒီနှစ်တွေနဲ့ ဒေါ့မွန်မှာတုန်းကလည်း သူက ကျွန်တော့်ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ခဲ့တယ်။ သူ့ကို သတိရနေမှာပါ။ ကျွန်တော် သူ့ကို လွမ်းနေမှာပါ။

ကျွန်တော် နည်းနည်းတော့ စိတ်ကျေနပ်မိတာလည်း ရှိတာပေါ့။ လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင် ညတွေမှာ ကျွန်တော် ကောင်းကောင်း အိပ်ပျော်တော့မှာပါ။

ဒါပေမယ့် သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူ အဲဒါကို ဝန်မခံပေမယ့် သူ ပြန်လာမှာပါ။ ဘောလုံးမှာက ကိုယ်ရည်ကိုယ်သွေးတွေနဲ့ သူ့လိုမျိုး နည်းပြတွေ လိုအပ်တယ်။ ကျွန်တော်တို့ အတူတူ ညစာစားဖို့ အချိန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။