တိုက်စစ်မှုးသစ် မခေါ်ပါဘူး၊ ရက်ရှ်ဖို့ဒ် ရှိတယ် ဆိုတဲ့ နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက် တိုက်စစ် အပေါ် အမြင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေပေမဲ့လည်း ဇန်နဝါရီမှာတော့ ကစားသမားခေါ်ဖို့ အခွင့်အလမ်း လုံးဝမရှိဘူးလို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။

ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံပြီးတဲ့နောက် တိုက်စစ်မှူး မာရှယ်တစ်ယောက် ကာလရှည် အနားယူရ တော့မှာဖြစ်လို့ မန်ယူဟာ တိုက်စစ်ပိုင်းမှာ တောင်ပံကစားသမား ၅ ယောက်နဲ့ ဗဟို တိုက်စစ်မှူး တစ်ယောက်တည်းပဲ သုံးခွင့်ရပါတော့မယ်။

တန်ဟတ် လက်ထက်မှာ ကစားသမား အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ငွေသုံးကြမ်းပြခဲ့တဲ့ မန်ယူဟာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းနဲ့ မငြိစွန်းအောင်လည်း အထူးတလည် ဂရုစိုက်နေရပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက် ၂ ခုထဲမှာတင် ပေါင်သန်း ၄၀၀ ကျော် သုံးခဲ့တဲ့ မန်ယူ ဟာ အခု ဇန်နဝါရီမှာ ငွေသုံးဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်သွားခဲ့တာပါ။

ဒါကြောင့် အသင်းရဲ့ ကစားသမားတချို့ကို အရင်ဆုံး ရောင်းထုတ်ပြီး ငွေဖော်နိုင်ဖို့ ကြိုးစားနေတာ ရှိပါတယ်။

ဒါကြောင့် ကစားသမားခေါ်ယူခွင့်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းအတွက် နေရာလွတ် လုံးဝမရှိဘူးလို့ တန်ဟတ်က ပြောပါတယ်။

” ကျွန်တော် ကြည့်ပြီး ပါပြီ။ ဒါပေမဲ့ နေရာလွတ် လုံး၀ မရှိပါဘူး။ တိုက်စစ်မှူး နေရာနဲ့ပတ်သက်ပြီး ခေါ်လို့ရ လောက်အောင် ဘဏ္ဍာရေး စည်းမျဉ်းမှာ လုပ်စရာ နေရာလွတ် လုံး၀ မရှိဘူး။

ကျွန်တော်တို့မှာ တိုက်စစ်မှူးလိုမျိုး ကစားနိုင်တဲ့ ရက်ရှ်ဖို့ဒ် ရှိတယ်။ တခြား ရွေးချယ်စရာတွေလည်း အများကြီး ရှိတယ်လို့လည်း ကျွန်တော် မြင်ပါတယ်။

ဒါပေမဲ့ ရှင်းရှင်းလေးပါ။ မာရှယ်က နှစ်လ ကျော်လောက် အနားယူရမယ်။ ဒါက ကျွန်တော်တို့ လူစာရင်းမှာ ဟာကွက်ဖြစ်သွားပြီ။ ရှင်းပါတယ် ” လို့ တန်ဟတ်က တိုက်စစ်မှူး မဝယ်နိုင် တဲ့ အကြောင်းကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။