ခေါ်ပြီး တစ်လ အကြာမှာတင် မှားပြီဟ လို့ ပက်နဲ့ နည်းပြအဖွဲ့ဝင်တွေ နောင်တရစေခဲ့တဲ့ မန်စီးတီး အသင်းသား

နည်းပြ ပက်ဂွါဒီယိုလာနဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ မန်စီးတီးသို့ ကယ်ဗင်ဖီးလစ် ရောက်လာပြီး တစ်လခန့်အကြာမှာပင် ကွင်းလယ်ကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်ခဲ့ကြကြောင်း သတင်းထွက်လာပါတယ်။

အသက် ၂၈ နှစ်ရှိ ကယ်ဗင်ဖီးလစ်ဟာ ယခုရာသီတွင် မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ ၄ ပွဲတည်းသာ ကစားနိုင်ခဲ့ပြီး သောကြာနေ့တုန်းက ဝက်စ်ဟမ်းသို့ ရာသီအကုန်အထိ စာချုပ်ဖြင့် ပြောင်းခဲ့ပါတယ်။

သူဟာ လိဒ်မှ မန်စီးတီးသို့ ပေါင် ၄၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ၁၈ လတာ ကာလအတွင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာခဲ့ရပါတယ်။

ဒီရာသီ ဒုတိယပိုင်းမှာ ကယ်ဗင်ဖီးလစ် က ဝက်စ်ဟမ်းသို့ အငှားဖြင့် ပြောင်းရွှေ့ပြီးနောက် ပွဲကစားချိန် ပိုမို ရရှိလာဖို့ မျှော်လင့်နေပါတယ်။

ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးတွင် ရိုဒရီ၊ ကယ်ဗင်ဖီးလစ်စတဲ့ ကွင်းလယ်ကစားသမားများ ရှိရာ နေရာရရှိရေး အလွန်ခက်ခဲတဲ့အသင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတာဝန်ရှိသူများဟာ ကယ်ဗင်ဖီးလစ်အား ခေါ်ယူပြီး တစ်လကြာမှာပင် ကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်ခဲ့ကြတာပါ။

သူဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မန်စီးတီးသို့ ပြောင်းပြီးနောက် ဒဏ်ရာပြဿနာကြောင့် ပထမဆုံးပွဲကစားရန် တစ်လအထိ စောင့်ဆိုင်းခဲ့ရပါတယ်။ ယင်းနောက် သူဟာ ပုခုံးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ခဲ့ပါတယ်။

ဒါပေမဲ့ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်မှာ ကယ်ဗင်ဖီးလစ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကယ်ဗင်ဖီးလစ်ဟာ ဝက်စ်ဟမ်းတွင် သူ့ကစားသမားဘဝ ပြန်လည်မြင့်တက်ရေး မျှော်လင့်ချက် အပြည့်အဝ ထားထားပါတယ်။