လီဗာပူးကနေ ထွက်တော့မယ် ဆိုပေမယ့် ကလော့ပ် ပြန်လာမှာပါ ဆိုတဲ့ ပက် ဂွာဒီယိုလာရဲ့ အမြင်

ဒီရာသီ ကုန်ရင် လီဗာပူ အသင်း းနည်းပြရာထူးကနေ ကလော့ပ် နှုတ်ထွက်မယ်ဆိုတဲ့ သတင်း အပေါ် စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ နှမြောစိတ်ဖြင့် တုန့်ပြန်ပေမယ့် သူ့ အမြင်ကိုလည်း အကောင်းမြင်စွာ မှတ်ချက်ပေးခဲ့ပါတယ်။

စပိန်သားနည်းပြကတော့ သူ့နည်းပြဘဝ အကောင်းဆုံး ပြိုင်ဘက်လို့ ကလော့ပ်ကို ညွှန်းဆိုခဲ့ကာ တချိန်မှာ နည်းပြလောကထဲ ကလော့ပ် ပြန်ဝင်လာမယ်လို့ ယုံကြည်နေပါတယ်။

ဂွာဒီယိုလာက ” ဟုတ်ပါတယ် သတင်းကြားတော့ အခြားသူတွေလိုပဲ ကျနော် ထိတ်လန့်သွားခဲ့ပါတယ်။ မန်စီးတီးရဲ့ အစိတ်အပိုင်း တစ်ခုခုကို ဆုံးရှုံးရသလိုမျိုး ကျနော် ခံစားရပါတယ်။

ကျနော်တို့ရဲ့ မန်စီးတီး အောင်မြင်မှုကာလဟာ ကလော့ပ် မပါဘဲ မဖြစ်နိုင်ပါဘူး။ လီဗာပူးမပါဘဲ ကျနော်တို့ ဒီလောက်ထိ ဖြစ်မလာနိုင်ပါဘူး။ လီဗာပူးက ကျနော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ ကလော့ပ်ဟာ ကျနော်ဘဝမှာ ပိုင်ဆိုင်ခဲ့တဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ကလော့ပ်ကို လွမ်းနေရပါမယ်။ သူ့ရဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ အထူးသဖြင့်တော့ သူ့အသင်းရဲ့ ကစားပုံတွေကိုပါ။

သူ့ရဲ့ ပွဲချဉ်းကပ်ပုံ၊ ဘယ်လို အခြေအနေမှာမဆို အကောင်းမြင်နိုင်စွမ်းတွေက အမြဲတမ်း လေးစားလောက်စရာပါ။ ပရိသတ်တွေက ပွဲတွေကို အနိုင်ရဖို့ ကြိုးစားပေးကြပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်။

အရင်တည်းက အမြဲတမ်း ခက်ခဲပေမယ့် အခုကစပြီး လီဗာပူးကို ရင်ဆိုင်ရတာ ပိုခက်ခဲလာပါတော့မယ်။ ကျနော်ရဲ့ အမြင်မှာတော့ သူ ဒါကို ဝန်မခံပေမယ့် သူပြန်လာမှာပါ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။