စီးတီး ဘယ်နှဂိုး သွင်းမလဲ၊ ဖြစ်ချင်တဲ့ ရလဒ်ကိုသာ ပြောချလိုက် ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

ဒီကြားရက် ပရီးမီးယားလိဂ် ပွဲတွေ ပြန် စတင်ချိန်မှာတော့ မန်ချက်စတာ စီးတီးဟာ ဘန်လေ အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ မနက်ဖြန် ဗုဒ္ဓဟူးည မြန်မာစံတော်ချိန် ၂ နာရီ အချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်က မန်စီးတီး – ဘန်လေ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဂိုးရလဒ်ကို ရွေးကြည့်လိုက်ကြဗျာ.. ဘာမဆို ဖြစ်လာနိုင်တယ်။ မန်ချက်စတာ စီးတီးကတော့ ဒီပွဲမှာ သေချာပေါက် အောင်ပွဲခံမှာပဲ။ ဘန်လေအနေနဲ့ လုပ်ရမှာက အရုပ်ဆိုး အကျည်းတန်လောက်တဲ့ထိ မဖြစ်ဖို့ပဲ။
စီးတီးရဲ့ စပါးနဲ့ အက်ဖ်အေပွဲက pressing က လုံးဝကို ထူးချွန်လွန်းတယ်။ သူတို့ ဂိုးမပြတ်ခဲ့ပေမယ့် ဘောလုံး ကစားသွားတာက လုံးဝက လန်ထွက်နေခဲ့တာပါ။
ကီဗင် ဒီဘရိုင်းလည်း ပြန်လာပြီ။ သူက ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းမှာ အရေးပါတဲ့ နေရာက ပါလာမှာပါ။ ဒါပေမယ့် ကျွန်တော်သာ ပက် ဂွာဒီယိုလာ ဆိုရင် သူ့ကို အလောတကြီး ထည့်မသုံးပါဘူး။ သူတို့ အနေနဲ့ အိမ်ကွင်းမှာ ဘန်လေကို ကစားရချိန်မှာ ဒီဘရိုင်းကို မလိုသေးပါဘူး။
ဒီဘရိုင်းသာ ပွဲထွက်ကနေ ပါမယ် ဆိုရင် ချန်ထားခံရမှာက ဖီးလ်ဖိုဒန် ဖြစ်မယ် ထင်ပါတယ်။ ဘာနာဒို ဆေးလ်ဗား ကလည်း ဂွာဒီယိုလာ အတွက် ပွဲထွက်ကနေ ဖယ်ထားဖို့ သိပ်ကောင်းလွန်းတဲ့သူ ဖြစ်နေတယ်။
ဂျက် ဂရေးလစ်ချ် ကတော့ ဒီရာသီ ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေတယ်။ ဒါပေမယ့် ပွဲကြီးတွေမှာ ဆို ရေကုန်ရေခမ်း အားထုတ်တတ်တဲ့သူပါ။ ဒီတော့ လာမယ့် သီတင်းပတ်တွေ အတွင်း သူ စီးတီးမှာ နေရာကောင်း ပြန်ပေးခံရဖို့ မျှော်လင့်ပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး ၄-ဝ ဘန်လေ