ဖီဖာအကောင်းဆုံးဆု မဲပေးရာမှာ မှားယွင်းမှုတွေ ရှိခဲ့ကြောင်း ပေါ်တူဂီနည်းပြ ဖော်ထုတ်

ဖီဖာအကောင်းဆုံး ဘောလုံးသမားဆု မဲပေးရာမှာ မှားယွင်းမှုတွေရှိကြောင်း ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ပြောသွားပါတယ်။
၂၀၂၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ဖလား ၃ လုံး အနိုင်ရ မန်စီးတီးရဲ့ နော်ဝေ တိုက်စစ်မှူးဟာလန်းကို ပွတ်ကာသီကာ ကျော်ဖြတ်ပြီးရရှိခဲ့တာပါ။
အဲဒီဆုအတွက် မဲပေးရွေးချယ်မှုမှာ အချိန်ကာလ အပိုင်းအခြားနဲ့ ပတ်သက်ပြီး အမှတ်မှားကာ မှားယွင်းမဲပေးမှုတွေရှိတယ်လို့ မာတီနက်ဇ်က ပြောပါတယ်။
မာတီနက်ဇ်ဟာ အကောင်းဆုံးဆုအတွက် နိုင်ငံနည်းပြတဦးအနေနဲ့ မဲပေးရွေးချယ်ခဲ့ရာမှာ ပထမနေရာမှာ ခရိုအေးရှားကွင်းလယ်လူ ဘရိုဇိုဗစ်၊ ဒုတိယနေရာမှာ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ မက်ဆီကို တတိယနေရာမှာထားပြီး ရွေးချယ်ခဲ့တာပါ။
ဘရိုဇိုဗစ်ကို ပထမနေရာမှာ ရွေးချယ်ခဲ့တာက ၂၀၂၂ ကမ္ဘာ့ဖလားမှာ တတိယဆုရရှိခဲ့တာနဲ့ အင်တာနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်အတွက် ဆုပေးတာက ၂၀၂၂ ကမ္ဘာ့ဖလားက ရလဒ်ပိုင်းကို ထည့်သွင်းတွက်ချက်တာ မရှိတာကြောင့် သူ့လိုပဲ မှားယွင်းမဲပေးမှုတွေ အများကြီးရှိနိုင်ကြောင်း မာတီနက်ဇ်က ပြောသွားပါတယ်။