မန်စီးတီး လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ခံရပြီး ယူရိုပါလိဂ် ဆင်းရမလား စိုးရိမ်စရာ ရှိနေ

မန်စီးတီအသင်းဟာ လာမယ့် ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခြင်းခံရနိုင်တဲ့ အခြေအနေမျိုးနှင့် ကြုံဆုံနေပါတယ်။

ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးဟာ ယခုရာသီတွင် ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းမျိုးမှာ မရှိပေမဲ့လည်း ယင်းပြိုင်ပွဲသုံးရပ်လုံးတွင် စိန်ခေါ်နေတုန်း ဖြစ်ပါတယ်။

ဘန်လေနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိကာ ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ကီဗင်ဒီဘရိုင်းမှာလည်း ပါဝင်ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၅၂ ဂိုးသွင်းခဲ့တဲ့ အာလင်းဟာလန်းမှာလည်း ပါဝင်ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးအနေဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ လိုအပ်နေပါတယ်။

တကယ်လို့များ ဂီရိုနာအသင်းကသာ လာလီဂါချန်ပီယံ ဖြစ်လာပြီး မန်စီးတီးတို့သာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။

ဂီရိုနာအသင်းမှာလည်း မန်စီးတီးပိုင်ရှင် City Football Group ပိုင် အသင်းတစ်သင်း ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တစ်ဦးတည်း လက်အောက်မှ အသင်း ၂ သင်း ချန်ပီယံလိဂ်ဝင်ခွင့် မပေးပါဘူး။

တကယ်လို့များ ပိုင်ရှင်တူ အသင်း ၂ သင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက လိဂ်တွင် အဆင့်အမြင့်ဆုံး ရရှိတဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ပေးပါတယ်။

ဒါ့အပြင် တကယ်လို့များ နှစ်သင်းလုံးက လိဂ်တွင် တူညီတဲ့ အဆင့်တွင် ရပ်တည်လာမည်ဆိုပါက ပိုင်ရှင်ကသာ ဘယ် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပေးပြီး ဘယ်အသင်းကို ယူရိုပါလိဂ် ဝင်ခွင့်ပေးမလဲဆိုတာ ဆုံးဖြတ်လာရပါမယ်။

ဒါကြောင့်လည်း လက်ရှိ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂီရိုနာကသာ လာလီဂါချန်ပီယံ ဖြစ်ပြီး မန်စီးတီးသာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့်လက်လွှတ်ရပါမယ်။

လက်ရှိအချိန်တွင် ဂီရိုနာဟာ ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁ မှတ်ဖြတ်ပြီး လာလီဂါကို ဦးဆောင်နေပါတယ်။ တဖက်တွင် မန်စီးတီးမှာ ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၅ မှတ်အထိ ကွာဟပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

တကယ်လို့များ ယင်းအဆင့်အတိုင်း ရာသီသိမ်းလာမည်ဆိုပါက ဂီရိုနာမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်ပြီး မန်စီးတီးမှာ ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရကာ ယူရိုပါလိဂ်သို့ ဆင်းကစားရပါမယ်။