ဟာလန်း မန်ချက်စတာမှာ မပျော်ဘူး လို့ ဇွတ် ပုံဖော်နေတဲ့ စပိန် မီဒီယာတွေအား ဂွါဒီယိုလာ ဖဲ့ပြီ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းတွင် အာလင်းဟာလန်း မပျော်မရွှင်ဖြစ်နေတယ်လို့ စပိန်မီဒီယာများရဲ့ ရေးသားဖော်ပြမှုကို ငြင်းဆိုလာပါတယ်။
စပိန်သတင်းစာ El Desmarque က နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာရဲ့ ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် မပျော်မရွှင်ဖြစ်နေကာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
အာလင်းဟာလန်းဟာ ၂၀၂၂ ခုနှစ်တွင် ဒေါ့မွန်မှ မန်စီးတီးသို့ ပြောင်းလာခဲ့သူ ဖြစ်ပြီး ပထမဆုံးရာသီတွင် ၅၂ ဂိုးသွင်းယူ သမိုင်းဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီခဲ့ပါတယ်။
ဂွါဒီယိုလာက “သူ မပျော်ဘူးလားဆိုတာ မက်ဒရစ်က မီဒီယာကိုပဲ သွားမေးသင့်တယ်။ ကျွန်တော်တို့ထက် သူတို့က သတင်း ပိုရတာလည်း ဖြစ်နိုင်တယ်။ သူမပျော်ဘူးလို့ မခံစားရပါဘူး။ သူ ဒဏ်ရာကြောင့် နှစ်လနားရတော့ မပျော်ခဲ့ပါဘူး။
ဒါပေမဲ့ စပိန်ကမီဒီယာ၊ အထူးသဖြင့် မက်ဒရစ်က မီဒီယာက ကျုပ်တို့ထက်တောင် သတင်းပိုရနေသေးတယ်။ လူတွေ ပါးစပ်ပေါက်ကို ထိန်းချုပ်လို့ မရပါဘူး။ အရေးအကြီးဆုံးက သူပျော်နေဖို့ပါ။ သူ မပျော်ဘူးဆိုရင်တော့ ဆုံးဖြတ်ချက် ချလာပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။
အာလင်းဟာလန်းဟာ ခြေချောင်းဒဏ်ရာကြောင့် ၁၀ ပွဲ လွဲချော်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တုန်းက ဘန်လေအား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အရန်အဖြစ် ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။
သူဟာ တနင်္လာနေ့မှာ ဘရန့်ဖို့ဒ်အား အဝေးကွင်းသို့ သွားရောက်ကစားရမဲ့ပွဲမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။