ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲထဲ အာဆင်နယ် ပြန်ပါလာပြီ လို့ စီးတီးနဲ့ လီဗာပူး ကို စိန်ခေါ်လိုက်တဲ့ အာတီတာ
အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက သူ့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုထဲ ပြန်လည် ဝင်ရောက်လာပြီဖြစ်ကာ ဆုဖလား အောင်မြင်နိုင်ဖို့ ကြိုးစားမယ်လို့ မနေ့ညက လီဗာပူးကို နိုင်တဲ့ ပွဲအပြီး ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာ လီဗာပူးက ၂၃ ပွဲ ကစား ၅၁ မှတ်နဲ့ ပထမ နေရာ မှာ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး အာဆင်နယ်က ၂၃ပွဲ ကစား ၄၉ မှတ်နဲ့ ကပ်လိုက်နေပါတယ်။
ပက်ရဲ့ မန်ချက်စတာ စီးတီးကတော့ ၂၁ ပွဲ ကစား ၄၆ မှတ် ရထားပြီး လက်ကျန် နှစ်ပွဲကိုသာ အနိုင် ရမယ် ဆိုရင် ဇယား ထိပ် ရောက်နိုင်မှာပါ။
အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းမှာ လီဗာပူးကို အနိုင်ယူပြီး ပြန် ဝင်ရောက်လာတာကြောင့် အတော် ကျေနပ်နေပါတယ်။
နည်းပြ အာတီတာကလည်း အာဆင်နယ် အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်ပိုင်းကို အတော်လေး အားရနေတာပါ။
“ ကျနော်တို့က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မှာပါ။ သိပ်သေချာပါတယ်။ ကျနော်တို့ စိန်ခေါ်မှုထဲ ပါဝင်လိုပါတယ်။ ဒီတစ်ရာသီလုံး ကျနော်တို့က စွမ်းဆောင်ရည် သိပ်တည်ငြိမ်ခဲ့ပါတယ်။ အဲ့လိုမဟုတ်ဘဲ ဒီနေ့လို လီဗာပူးကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
တစ်ပွဲချင်းကို ယှဉ်ပြိုင်သွားမှာဖြစ်သလို လူစာရင်းကလည်း အရေးကြီးပါတယ်။ မနှစ်က အမှားကနေ ကျနော်တို့ သင်ယူထားပါတယ်။ ဒီရာသီတော့ ဖြစ်မြောက်အောင် ကြိုးစားကြရအောင်ပါ။ ” လို့ ပွဲအပြီးမှာ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။