ဖိုဒန် ဟက်ထရစ်နဲ့ အတူ ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး မန်စီးတီး က အမှတ်ပေးဇယား ဒုတိယ နေရာ တက်လာပါပြီ
မန်စီးတီး ကတော့ မနေ့ညက ဘရန့်ဖို့ဒ်အိမ်ကွင်းမှာ ဖိုဒန်ရဲ့ ဟက်ထရစ်နဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၅) ပွဲဆက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မော်ပေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံခဲ့ရပေမယ့် မန်စီးတီးတို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ တုံ့ပြန်ခဲ့ပြီး နိုင်ပွဲဆက်ခဲ့တာပါ။
ဒီပွဲမှာ မူပေးရဲ့ သွင်းဂိုးနဲ့ အတူ ဘရန့်ဖို့ဒ်တို့ အရင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ ဖိုဒန်က ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အပြီး အနိုင်အရှုံးရလဒ်ပြတ်ပြတ်သားသားမထွက်ပေါ်သေးတာကြောင့် ဒုတိယပိုင်းပွဲချိန်တွေအတွင်း နှစ်သင်းလုံး သွင်းဂိုးတွေ ထပ်မံရရှိဖို့ ကြိုးစားလာခဲ့ပါတယ်။
ပွဲချိန်အစောပိုင်းမှာ ပုံစံကောင်းပြသခဲ့တဲ့ ဘရန့်ဖို့ဒ်နောက်တန်းက ဒုတိယပိုင်းပွဲချိန်တွေမှာတော့ မန်စီးတီးရဲ့ကစားအားမြှင့်တင်လာမှုကို မထိန်းနိုင်တော့ဘဲ ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်းက နှစ်ဂိုးလုံးကိုလည်း ဖိုဒန်ကပဲ သွင်းယူခဲ့တာကြောင့် ဟက်ထရစ် ရသွားခဲ့ပါတယ်။
မန်စီးတီးအတွက် ဟက်ထရစ်ရှင်ဖိုဒန်ရဲ့ခြေစွမ်းပိုင်းက အားရစရာကောင်းခဲ့သလို ဒီဘရိုင်း၊ ရူဘင်ဒီယက်စ်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိလာခဲ့ပြီး လက်ကျန်တစ်ပွဲနိုင်တာနဲ့ ပထမနေရာက လီဗာပူးကို တစ်မှတ်အသာနဲ့ ပြန်လည်ကျော်တက်နိုင်မှာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒီလိုအချိန်မျိုးမှာ အမှတ်ပေးဇယားကို မဦးဆောင်နိုင်သေးပေမယ့် တည်ငြိမ်တဲ့ခြေစွမ်း၊ ရလဒ်ပိုင်းတွေနဲ့အတူ ရာသီကုန်ချိန်မှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
တိုက်စစ်မှုး ဟာလန်း ကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်မကစားပေးခင် နောက်ဆုံး (၁၂) ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ သူဟာ ဒီဇင်ဘာလ (၁၀) ရက်နေ့ကတည်းက ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး နောက်ဆုံးဂိုးသွင်းခဲ့တာကလည်း နိုဝင်ဘာလ (၂၅) ရက်နေ့ကပါ။
ဒါပေမယ့်လည်း သူက အခုချိန်ထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၄) ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆာလာနဲ့ ပူးတွဲရပ်တည်လျက်ရှိပါတယ်။