ဟက်ထရစ် သွင်းဂိုးရှင် ဖီးလ် ဖိုဒန် အစွမ်းကို အံ့အားတသင့် ချီးကျူးလာတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ဖီးလ်ဖိုဒန်ရဲ့ ဟက်ထရစ်ဂိုးတွေနဲ့ အနိုင်ယူပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၂ မှတ်အကွာ တစ်ပွဲလျှော့ကစားပြီး အဆင့် ၂ နေရာသို့ တက်လှမ်းလာပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်ဟာ ပွဲချိန် ၂၁ မိနစ်မှာ နီရယ်မူပေးရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ဂိုးသမား မာ့ခ်ကလီကန် လက်စွမ်းပြကစားနေသလို ဂိုးတွေ မပေးခဲ့ရတာပါ။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီး အချိန်ပိုမှာတော့ ဖီးလ်ဖိုဒန်က ချေပဂိုးသွင်းလာပါတော့တယ်။

ယင်းနောက် ဒုတိယပိုင်းအစ ၈ မိနစ်မှာ ကီဗင်ဒီဘရိုင်းရဲ့ ဖန်တီးမှုကနေ ဖီးလ်ဖိုဒန်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းလာပါတယ်။ ယင်းနောက် ပွဲချိန် ၇၀ မိနစ်မှာ ဖီးလ်ဖိုဒန်က ဟာလန်းရဲ့ ဖန်တီးမှုကနေ မန်စီးတီးအတွက် အနိုင် သေချာစေမဲ့ သူ့ရဲ့ ဟက်ထရစ်မြောက်ဂိုးကို သွင်းယူလာပါတယ်။

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာ ကတော့ ဒီပွဲ ဟက်ထရစ်ရှင် ဖိုဒန်ရဲ့ အစွမ်းကို ပွဲအပြီးမှာ အံ့အားသင့်စွာ ချီးကျူးခဲ့ပါတယ်။

“ ကျွန်တော့် အထင် ဖီးလ်ဖိုဒန်ဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီကို ကစားနေတာ ဖြစ်ပြီး မတူညီတဲ့ နေရာ များစွာမှာ ကစားနိုင်သူပါ၊ သူ့ရဲ့ ခြေစွမ်းဟာ အံ့ဩစရာပါပဲ “ လို့ ပက်က ချီးကျူးစကား ဆိုခဲ့တာ ဖြစ်ပါတယ်။

ဖီးလ်ဖိုဒန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဟက်ထရစ် သွင်းယူပြီးနောက် သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ဟက်ထရစ် ဂိုးတွေကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။