တောင်ပံတိုက်စစ်ထက် သူ ပို ကစားချင်တဲ့ နေရာကို ဖော်ထုတ်ပြောလာတဲ့ စီးတီး ကြယ်ပွင့် ဖိုဒန်

မန်စီးတီး တောင်ပံတိုက်စစ်သမားလေး ဖီးလ် ဖိုဒန်က မကြာခဏဆိုသလို တိုက်စစ်လိုက်ပါရလေ့ရှိတဲ့ ဗဟိုကွင်းလယ်လူအဖြစ် ကစားလိုတဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဖိုဒန်က မန်စီးတီးအတွက် ဟက်ထရစ်သွင်းယူပြီး တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ကြောင့် ဖိုဒန်ရဲ့အသင်းဟာ အာဆင်နယ်ကိုကျော်ဖြတ်ကာ အမှတ်ပေးဇယားအဆင့်-၂ နေရာဆီ ရောက်ရှိလာပြီး အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ နှစ်မှတ်အကွာအထိ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် အခုရာသီ ပွဲစဉ်အများစုကို ဒီဘရိုင်း လွဲချော်ခဲ့စဉ်ကာလအတွင်း အသက်-၂၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းလိုတဲ့ သူ့ရဲ့အသင်းအတွက် တိုက်စစ်အားပြုဗဟိုကွင်းလယ်လူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ ဒီဘရိုင်းပြန်ကစားနိုင်မှုနဲ့အတူ ဖို့ဒန်က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် တောင်ပံတိုက်စစ်နေရာမှာပဲ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဖိုဒန်က ဗဟိုကွင်းလယ်လူအဖြစ် ကစားခွင့် ရရှိဖို့ အခွင့်အရေးနည်းပါးပေမယ့် ဒီနေရာမှာ ကစားခွင့်ရရှိရင် ခြေစွမ်းပြသနိုင်မယ်လို့ ယုံကြည်နေပြီး ကာလရှည် ဆက် ကစားချင်တဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိုဒန်က “လက်ရှိအခိုက်အတန့်မှာ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တကယ့်ကို ဝမ်းမြောက်မိပါတယ်။ အခုအချိန်မှာ ကျွန်တော်ကစားချင်သလို အတွင်းထဲ ပိုဝင်ပြီး ကစားနေရပါတယ်။ ” လို့ ဆိုပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းအတွက် ဗဟိုကွင်းလယ်လူနေရာမှာ ကစားချင်သလား?လို့ မေးမြန်းမှုအပေါ် ဖိုဒန်က ” ဒါက မန်စီးတီးကစားသမားဘ၀ ကာလတစ်ခုအတွင်း ကျွန်တော့်မှာရှိခဲ့ဖူးတဲ့ အကောင်းဆုံးပုံစံဖြစ်ပါတယ်။ ဒီအတိုင်းလည်း ဆက်ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်က ဗဟိုကွင်းလယ်လူတစ်နေရာမှာ ကစားခွင့်ရရှိခဲ့ပြီး ပွဲတိုင်းမှာလည်း သင်ယူခွင့်ရရှိခဲ့လို့ အကူအညီဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော်က လိုအပ်လာချိန် နေရာစုံမှာ အသားကျအောင် ကစားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ မန်စီးတီးအတွက်ဆိုရင် ကျွန်တော်က နေရာစုံကစားပေးနိုင်လိမ့်မယ်ဆိုတာ ကိုယ်တိုင် သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ဗဟိုကွင်းလယ်လူအဖြစ်ကစားရတာကို ပျော်ရွှင်နေပါတယ်။

ဒီနေရာမှာပဲ ကိုယ့်ကိုကိုယ် မြင်တွေ့လိုပြီး အဲ့ဒီလိုဆက်ကစားရမယ်လို့လည်း မျှော်လင့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ချမှတ်ထားတဲ့အရာတစ်ခုကတော့ ယမန်နှစ်ကိန်းဂဏန်းတွေထက် ပိုကောင်းရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ တိုက်စစ်ကစားသမားဖြစ်နေဖို့ကသာ ရည်မှန်းချက်ဖြစ်ပါတယ်။

ဒီလိုမျိုး ကျွန်တော်လုပ်နေတယ်လို့ ယူဆမိပေမယ့် မကြာခဏဆိုသလို အခုလိုစွမ်းဆောင်ရည်မျိုးကို ပြသနိုင်ဖို့လည်း လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။