ကစားသမား ၆ ယောက်လောက်ထိ ဝိုင်း ပိတ်ဆို့ခံထားရတဲ့ ဟာလန်း က စီးတီးအတွက် ဘာကူပေးခဲ့သလဲ ဂွာဒီယိုလာ ရှင်းပြ

ဒီမနက် ဘရန့်ဖို့ဒ်ကို ၁-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖီးလ်ဖိုဒန်က မန်ချက်စတာ စီးတီးအတွက် ၃ ဂိုးစလုံးကို ဟက်ထရစ် အဖြစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လာတဲ့ တိုက်စစ်မှုး ဟာလန်းလည်း ဒီပွဲမှ ပါဝင် ကစားခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

ပက်ဂွါဒီယိုဟာ ဒီပွဲမှာ အသင်းရဲ့ကြယ်ပွင့်တွေဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနဲ့ အာလင်းဟာလန်းတို့ကို စတင်ပွဲထုတ်ခဲ့တာကြောင့် ကစားသမား ၂ ဦးဟာ ၅ လအကြာမှ ပထမဆုံးအကြိမ် ပြိုင်တူပွဲထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရသလို ဟာလန်းကလည်း ခြေဖဝါးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပါတယ်။

ဒဏ်ရာမှ သက်သာလာပြီးနောက်ပိုင်း ဟာလန်းက ပွဲစဉ်အချို့ပါဝင်ကစားနိုင်ခဲ့ပြီဖြစ်သော်လည်း ဂိုးတွေတော့ ပြန်သွင်းနိုင်ခြင်းမရှိသေးပါဘူး။

ဂွါဒီယိုလာက “တိုက်စစ်မှူး တစ်ယောက်ကို ကစားသမား ၆ ယောက်လောက်က ပိတ်ဆို့ကစားနေတာကို မြင်ရတာ သက်တောင့်သက်သာမရှိပါဘူး။ ဒီအချိန်မှာ ဖိုဒန်က အမြဲအဆင်သင့်ရှိနေခဲ့ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်။

သူတို့က ဟာလန်းကိုသူတို့အာရုံစိုက်နေကြလို့ ဖိုဒန့် အယ်လ်ဗာရက်ဇ်တို့က နေရာလွတ်တွေအများကြီးရခဲ့ပါတယ်။ ဟာလန်းမရှိရင် သူတို့ကစားရတာပိုခက်ခဲကြမှာပါ။ သူ့ဆီကနေ အကူအညီအများကြီးရခဲ့ပါတယ်” လို့ ပြောဆို ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ပက်က “ ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို အိမ်ကွင်းရော အဝေးကွင်းမှာပါ နှစ်ကျော့စလုံးအနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ်ပါတယ်။ စပိန်သားက သူတို့ကိုကစားရတာအရမ်းခက်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့အသင်းပါ။ ထောင့်ကန်ဘောတွေ အလွတ်တန်ကန်ဘောတွေမှာ တော်တော်လေးထူးချွန်ကြပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။

ဖိုဒန် အတွက်ကတော့ ဒီပွဲ ဟက်ထရစ်ဟာ ကစားသမားဘဝ ဒုတိယမြောက်ဟက်ထရစ်ဖြစ်ပြီး ပထမဆုံးအကြိမ်မှာ ပြီးခဲ့တဲ့ရာသီက မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။