ကာဗာနီ အောင်ပွဲခံပုံနဲ့ ဆင်တူသွားတဲ့ သူ့ စတိုင် အကြောင်း ရှင်းလင်းလာတဲ့ စီးတီး ကြယ်ပွင့် ဖိုဒန်

မန်စီးတီး တိုက်စစ်ကစားသမား ဖိုဒန်ဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံပုံနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ပထမပိုင်း ၂၁ မိနစ်မှာ ဘရန့်ဖို့ဒ်အသင်းက တိုက်စစ်မှူးမူပေးရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ဖိုဒန်က အနီးကပ် ပိတ်ပြီးတော့ ချေပဂိုးသွင်းခဲ့သလို ၅၃ မိနစ်၊ မိနစ် ၇၀ တွေမှာလည်း ခြေစွမ်းပြ ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပါတယ်။
အခု ဟက်ထရစ်က ဖိုဒန်အတွက် ၂၀၂၂ အောက်တိုဘာလတုန်းက မန်ချက်စတာယူနိုက်တက်ကို ၆-၃ ဂိုးနဲ့အနိုင်ရတဲ့ မန်ချက်စတာ ဒါဘီပွဲ နောက်ပိုင်း ၁ နှစ်ကျော်အကြာမှ မန်စီးတီးအတွက် ဟက်ထရစ် ပြန်သွင်းနိုင်တာဖြစ်ပါတယ်။
အခု ဖိုဒန်ရဲ့ဟက်ထရစ်ကြောင့် ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာ ပွဲအားလုံးပေါင်း သွင်းဂိုး အရေအတွက်က ၄၅ ဂိုးအထိရှိခဲ့ပြီး အရင်စံချိန်ဖြစ်တဲ့ ၄၄ ဂိုး (၂၀၂၀ စက်တင်ဘာ၊ ၂၀၂၃ မေ)ကို ချိုးဖြတ်ပြီးတော့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအတွင်း စုစုပေါင်း သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဖိုဒန်က ဂိုးသွင်းအပြီး လေထဲကို လက်မြှောက်ပြီးတော့ သေနတ်ပစ်သလို ပုံစံနဲ့အောင်ပွဲခံခဲ့တာကြောင့် ပရိသတ်တွေအတွက် ထူးဆန်းသလိုဖြစ်နေပါတယ်။
အဲဒီအောင်ပွဲခံပုံစံက နာပိုလီ၊ PSG နဲ့ ယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်း ကာဗာနီရဲ့ Trademark အောင်ပွဲခံပုံနဲ့ဆင်တူနေပြီး PSG ကစားသမားဘဝ၊ ၂၀၁၄ ခုနှစ်တုန်းက အဲဒီလို အောင်ပွဲခံကောင်းလို့ ကာဗာနီဟာ အနီကတ်နဲ့အထုတ် ခံခဲ့ရဖူးပါတယ်။
သူ့ရဲ့အောင်ပွဲခံပုံနဲ့ပတ်သက်လို့ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး အင်တာဗျူးမှာ ဖိုဒန်က “အဲဒါက လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော်နဲ့ အသင်းဖော်တွေ နောက်ပြောင်ရင်းပြောဖြစ်ခဲ့တာပါ။
လေ့ကျင့်ခန်းအစီအစဉ်မှာ ၅ ယောက်တစ်ဖွဲ့ကစားရတဲ့ပွဲဆိုရင် ကျွန်တော်က တစ်ချိန်လုံး ဂိုးပေါက်ကို ကန်နေတာကြောင့် အသင်းဖော်တွေက ကျွန်တော့်ကို ‘Sniper’ဆိုပြီး နာမည်ပြောင်ပေးခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ ဖိုဒန်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ပါဝင်ပတ်သက်မှု ၈ ဂိုးအထိရှိခဲ့ပြီး ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်း ၄ ပွဲဆက်တိုက် ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးရပြီးမှ ၄ ပွဲစလုံး အနိုင်ရခဲ့တာကြောင့် မြို့ခံပြိုင်ဘက် ယူနိုက်တက်(၆ ပွဲ၊ ၂၀၂၀ စက်တင်ဘာ – ဒီဇင်ဘာ) နောက်ပိုင်း အဝေးကွင်းမှာ ဂိုးပေးရပြီးမှ အနိုင်ရတဲ့ ပွဲဆက်အများဆုံး ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။